မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ပြုံးယမ်း၊ ဧပြီ၁၈-၂၀၁၉

မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲများအပြီးမှာ ပထမဆုံးအကြိမ်အဖြစ် အစွမ်းထက်ထိပ်ဖူးတပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက်လက်နက်သစ်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

လက်နက်သစ်ကို စမ်းသပ်ပစ်ခတ်တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အသေးစိတ်အချက်အလက်အနည်းငယ်ကိုသာ ဖော်ပြခဲ့ပေမယ့် စမ်းသပ်မှုကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ တာဝေးပစ်ဒုံးပျံတွေကို ပြန်လည် စမ်းသပ်ထုတ်လုပ်နိုင်ခြေတော့ မရှိဘူးလွှိ လေ့လာသူတွေကပြောပါတယ်။ ဒီလိုလက်နက်သစ်စမ်းသပ်ပစ်ခတ်တာတွေကို လွန်ခဲ့တဲ့ နိုဝင်ဘာလကလည်း မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ပြီး အမေရိကန်အပေါ် ဖိအားပေးဖို့ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ရပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲပြီးကတည်းက နျူကလီးယားဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းက နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေ အောင်မြင်ခြင်းမရှိဘဲ နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ ရုတ်တရက်ထွက်ခွာခဲ့ကြပါတယ်။

နျူကလီးယားစွန့်လွှတ်ရေး အတွက် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှာ မှန်ကန်တဲ့ သဘောထားရှိဖို့ လိုအပ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က လွန်ခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားပါတယ်။

Ref : BBC Photo :Reuters

#voiceofmyanmar #မြောက်ဂိုရီးယား #ဒေါ်နယ်ထရန့် #လက်နက် #ကင်ဂျုံအန်

Related posts

Leave a Comment

VOM News

FREE
VIEW