နစက လေးနှစ်ပြည့် နောက်ဆက်တွဲအခြေအနေ ကန်နဲ့ ဥရောပသံရုံးတွေ ထုတ်ပြန်

Ms(VOM)
ဖေဖော်ဝါရီ ၁-၂၀၂၅
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လေးနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက် ၂၀ ရာခိုင်နှုန်းတိုးလာတယ်လို့ မြန်မာနိုင်ငံ ရေးအပြောင်းအလဲ လေးနှစ်ပြည့် နောက်ဆက်တွဲဖြစ်စဉ်များအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲကြေညာချက်တရပ်မှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များဟာ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပါကာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ သို့မဟုတ် ၁၉.၉ သန်းကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိပြီး ခန့်မှန်းခြေ ၁၅.၂ သန်းမျှသော ပြည်သူများမှာစားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိနေတယ်လို့ဆိုပါတယ်။
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့ကိုလွှတ်ပေးရန်တောင်းဆိုကြောင်း ၊နစကအစိုးရရဲ့စစ်ဖက် နဲ့ အရပ်ဖက် ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေးနဲ့လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများ အားလုံးအတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိရန် လိုအပ်ကြောင်းနဲ့ ယင်းကြိုးပမ်းမှုတွင် မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားရဲ့ အဓိက အခန်းကဏ္ဍကို EU မှ အလေးပေးကြောင်း ကြေငြာချက်မှာဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုများ ကြောင့်အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီးကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနဲ့ ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့ရာ အဆိုပါတိုက်ခိုက်မှုများက၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာရာ တရက်လျှင်လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ သုံး ကြိမ်ရှိကြောင်း၊ပဋိပက္ခဖြစ်ပွားခြင်းမရှိတဲ့ ဒေသများတွင်လေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာကြောင်း ပူးတွဲထုတ်ပြန်ချက်မှာထပ်လောင်းဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာမှာအကြမ်းဖက်မှုတွေအဆုံးသတ်ရန်၊ နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် လက်ရှိအစိုးရကိုအလေးအနက် တိုက်တွန်းတောင်းဆိုကြောင်းနဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးက မြန်မာပြည်သူများရဲ့ဆန္ဒကို ထင်ဟပ်စေမယ့်ငြိမ်းချမ်းသော ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ပထမဆုံးသော ခြေလှမ်းများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာ့အရေးကို အာဆီယံနိုင်ငံများနဲ့တွေ့ဆုံဆွေးနွေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုဖိတ်ခေါ်မှုများပြုလုပ်ထားကြောင်းနဲ့ ကလေးသူငယ်များအပါအဝင် အတင်းအကြပ် တပ်သားသစ်စုဆောင်းခြင်းကို တားဆီးကာကွယ် ပေးတဲ့လှုပ်ရှားမှုများ အပါအဝင် အထောက်အကူပြုမယ့်လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက်ရန်ပုံငွေ ထောက်ပံ့ သွားမယ်လို့ဆိုထားပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံအဖွဲ့အစည်းရဲ့ ပဓာနကျတဲ့ အခန်းကဏ္ဍနဲ့ ဘုံသဘောတူညီချက် ငါးရပ်အပေါ် မိမိတို့၏ အားပေးထောက်ခံပြီး အာဆီယံနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖော်ပြချက်များကအမေရိကန်သံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းမှု၄နှစ်ပြည့် အထိမ်းအမှတ်ကြေငြာချက်တွေကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ၁ရက်မှာ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ ကတဆင့် ထုတ်ပြန်လာတာဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW