ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ

မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ ဒီကိစ္စကိုသိရှိတဲ့ ရုရှား သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောဆိုထားပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဖို့လည်း အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ ပူတင်ကလည်း ထရန့်ရဲ့ သမ္မတဒုတိယသက်တမ်းအတွက် ဂုဏ်ပြုခဲ့ပြီး ယူကရိန်းအရေး ၊ စွမ်းအင်အရေးတို့ကို ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။
တွေ့ဆုံမှုမတိုင်ခင် ထရန့်နဲ့ ပူတင်တို့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးဖို့အတွက် အမေရိကန်နဲ့ ဆွေးနွေးနေတယ်ဆိုတာကိုတော့ ရုရှားအရာရှိတွေက ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီ ရက်သတ္တပတ်အတွေအတွင်းက ရုရှားအရာရှိတွေဟာ ဆော်ဒီအာရေဗျနဲ့ ယူအေအီးကို သွားရောက်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့ဟာ အမေရိကန်နဲ့ စစ်ရေး၊ လုံခြုံရေးဆိုင်ရာ နီးကပ်တဲ့ဆက်ဆံရေးရှိနေတာကြောင့် အဲဒီနိုင်ငံတွေမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရေး အယူအဆအပေါ် ရုရှားထောက်လှမ်းရေးနဲ့ သံတမန်တွေက ကန့်ကွက်မှုတချို့ရှိနေတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှား၊ ယူအေအီးနဲ့ ဆော်ဒီအာရေဗျတို့ မှတ်ချက်ပေးခြင်းမရှိပါဘူး။ ပူတင်ဟာလည်း ဒီနှစ်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပါတယ်။ ထရန့်ကတော့ ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးအတွက် ရုရှား၊ ယူကရိန်းအပါအဝင် သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက် မရရှိပါက ရုရှားအပေါ် အရေးအရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ပြီး သွင်းကုန်တွေအပေါ် အခွန်ကောက်မယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားကာ လက်ရှိမှာတော့ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်စတင်ကောက်ခံမယ်လို့ ပြီးခဲ့တဲ့နေ့က ကြေညာခဲ့ပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW