မူဆယ် ကနေ တရုတ်ဘက် ၇ ရက်ကတ်နဲ့ တိုကင်ယူစရာမလိုပဲ ဖြတ်သန်းခွင့်ပြု

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄
Shy V VOM
မူဆယ် ကနေ တရုတ်ဘက်ကို လတ်တလော ကြိုတင် တုံကင် ယူစရာ မလိုပဲ ၇ ရက် သက်တမ်း ရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် နဲ့ ဘယ်မျဉ်းစောင်း မဆို ဝင်ထွက် ဖြတ်သန်းခွင့်ပြုကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
“၇ ရက်သက်တမ်း ကတ်နဲ့ မှတ်ပုံတင်ဘယ် မျဉ်းစောင်း မဆို ဝင်ခွင့် ပြုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျယ်ဂေါင်ထိပဲ ရတယ်။ ရွှေလီတောင်သွားလို့မရဘူး။ ကန့်သတ်ချက်တွေ ရှိတယ်” လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။
စစ်မှုထမ်း ကန့်သတ် အသက် ကျော်လွန်ပြီးသူတွေနဲ့ စစ်မှုထမ်း ကင်းလွတ်ခွင့်ရသူတွေပဲ ဝင်ခွင့်ရတယ်လို့ သိရတယ်လို့ ဆိုပါတယ်။
“မြန်မာ လူကြီးတွေတော့ လုပ်ပေးတယ်၊ မြန်မာ လဝက ဘက်က တံဆိပ်တုံး ထုပေးလိုက်တယ်။ တရုတ်ဘက် ရောက်တော့ သူဌေးခေါ်စာ မပါရင် ပေးမဝင်ဘူ ဖြစ်သွားတယ်။” လို့ အမျိုးသမီး တယောက်က ‌ေပြာပါတယ်။
၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် တခုကို မြန်မာငွေ ကျပ် ၁၂၀၀၀ ပေးရပြီး ဝင်လို့ မရရင်လည်း ကျပ် ၁၀၀၀ ပေးပြီး မြန်မာဘက် လဝက မှာ ပြန်အပ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အလုပ်ခေါ်စာနဲ့ ဝင်မယ့် သူတွေကိုပါ အသက် ကန့်သတ်လိုက်တဲ့ သဘော ဖြစ်နေတယ်လို့ ဆိုပါတယ်။
“တချို့ လည်လည် ပတ်ပတ် လူတွေကလည်း ဝင်ရတယ်။ တချို့ကလည်း မဝင်ရဘူး။ ပြဿနာက အခု ဆင်ဖြူပေါက်မှာရော နန်းတော် ပေါက်မှာရော ဖြစ်နေတယ်။ မြန်မာဘက်က ၇ ရက်ကတ်ကို အကုန် ပေးလုပ်တယ်။ မှတ်ပုံတင်ပါတယ်၊ စမတ်ကတ် ပါတယ် ဆိုရင် အကုန် ပေးလုပ်တယ်။ ဒါပေမယ့် ဘာဖြစ်သလဲ ဆိုရင် တရုတ်ဘက်က အဝင်မခံဘူး။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စစ်မှုထမ်း ဥပဒေ အရ အသက် ကိုက်ညီနေသူ‌ေတွက ကိုယ့်ရပ်ရွာကနေ စစ်မှုထမ်း ကင်းလွတ်ကြောင်း စာရွက်စာတမ်းတွေ ပါရမှာ ဖြစ်ပြီး တရုတ်ပြည်ကို လာပြီး ရောက်ခဲ့ပြီ ဆိုရင်လည်း အရေးကြီးလိုအပ်လို့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ‌ရောက်ခဲ့ရင် ဆင့်ခေါ်စာနဲ့ မြန်မာပြည်ကို ပြန်ရမယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
မြန်မာဘက်က တိုကင်တွေ၊ ‌သူဌေးတွေ မလိုအပ်တော့ပဲ မည်သူ့ကို မဆို၊ ဘယ်မျဉ်းစောင်းကို မဆို ၇ ရက် ကတ်လုပ်ပေး ပေမယ့် တရုတ်ဘက်က ဝင်ခွင့် မပေးသေးဘူး ဆိုတဲ့ ပုံစံမျိုးက မူဆယ် နယ်စပ်ဂိတ်မှာ ဖြစ်လေ့ ဖြစ်ထ ရှိပြီး စာအုပ် အနီ စပြီး ဝင်ခွင့် ပေးတဲ့ အချိန်တုန်းကလည်း ဒီလိုပဲ မြန်မာဘက်က တံခါးဖွင့်ထားပြီး တရုတ်ဘက်က ပေးမဝင်တာ ဒါမှမဟုတ် တရုတ်ဘက်က တံခါးဖွင့်ထားပြီး မြန်မာဘက်က ပေးမဝင်တာမျိုး ဖြစ်တဲ့ အတွက် အချိန် အတိုင်းအတာ တခု စောင့်ရမယ်လို့ သူက ပြောပြပါတယ်။
“အခုက ဘယ်မျဉ်းစောင်း မဆို ၇ ရက် သက်တမ်းကတ်နဲ့ ပေးဝင် ပေမယ့် လူ အရမ်းများတယ်။ မတိုးနိုင်ဘူး” လို့ ကိုးဗစ် မတိုင်ခင် ကျယ်ဂေါင်မှာ ဆိုင်ဖွင့်ခဲ့တဲ့ လားရှိုး ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
၇ ရက် သက်တမ်းကတ်နဲ့ တရားဝင် အလုပ်လုပ်ဖို့ အဆင်မပြေနိုင်တာကြောင့် ပတ်စပို့၊ ဗီဇာနဲ့ သွားဖို့ပဲ ကြိုးစား ပြင်ဆင်နေရတယ်လို့ သူက ပြောပါတယ်။
မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူ တယောက်ကတော့ ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် တရုတ်ဘက် သွားရောက်ခြင်း မပြုတာ အကောင်းဆုံးဖြစ်ကြောင်း ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ် အဝင်၊အထွက် ဂိတ်ဖြစ်တဲ့မူဆယ် နန်းတော် – ကျယ်‌ေဂါင်ဂိတ် ရဲ့ တရုတ်ဘက်ခြမ်းမှာတော့ မြန်မာဘက်ခြမ်းက ဝင်လာတဲ့ မြန်မာမိန်းကလေးတွေဆီက ဖုန်းနံပါတ်နဲ့ WeChat အကောင့်တွေ လိုက်လံတောင်းယူနေတဲ့ မယား ရှာသူတရုတ်တွေကိုလည်း ရံဖန်ရံခါ တွေ့နေရပါတယ်။
အခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ခန့် အထိ မုဆယ်ခရိုင် အိမ်ထောင်စု ရှိသူတွေကလွဲပြီး တခြားဒေသခံ တွေက မူဆယ်နယ်စပ် ကနေ တရုတ်ဘက် ဝင်ရောက်မယ်ဆိုရင် ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို တုံကင်ယူ ရက်ချိန်းစောင့်ရပြီး တရုတ်ဘက်က အလုပ်ရှင်ရဲ့ ခေါ်စာ ရှိမှသာ ဝင်ရောက်ခွင့်ပြုတာ ဖြစ်ပါတယ်။
တရုတ် – မြန်မာ နှစ်နိုင်ငံ ဥပဒေ အရ နယ်စပ်ဖြတ်ကျော်ခွင် စာအုပ် အနီ ကိုင်ဆောင်သူတွေသာ တရုတ် နယ်စပ်မှ အလုပ်လုပ်ကိုင်ခွင် ရှိပြီးယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ်နယ်စပ်ဘက် ၆ ည အိပ် ၇ ရက် လည်ပတ်ခွင့်သာရှိကာ တရုတ်နယ်စပ်ထဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိတာ ဖြစ်ပါတယ်။
Photo: ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW