ဖေဖော်ဝါရီ ၁၈ – ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာ နစကတပ်က မတ္တရာမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိတာမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်မှုဖြစ်တာက ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာပဲ ခြောက်ကြိမ်လောက်ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ ဒရုန်းသုံးပြီး တိုက်ခိုက်တာလည်း ရှိတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လူထိခိုက် သေဆုံးမှုတွေလည်း ရှိတယ်လို့ သိရတယ်။ ထိခိုက်၊ သေဆုံး လူဦးရေအတိအကျကတော့ စစ်ရေးအခြေအနေကြောင့် လတ်တလော ပြောဖို့ခက်တယ်။ လုံခြုံရေး အခြေအနေကြောင့် ဒေသခံတွေကတော့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မြို့စိုးကုန်း၊ ဘိုကုန်းအနီးတဝိုက်မှာ နှစ်ကြိမ်၊ ၁၇ ရက်နေ့မှာ စီတိုင်းကန်ရွာနဲ့ ကျောက်တံတား အနီးဝန်းကျင်မှာ သုံးကြိမ်၊ ဗိုလ်ကုန်းအနီးဝန်းကျင်မှာ တကြိမ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
နစကတပ်က စီတိုင်းကန် အထိုင်စခန်းကနေ အရှေ့ဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်ပြီး လေယာဉ်နဲ့ ပစ်ကူနေတာရှိသလို မြကန်သာ၊ သရက်ကိုင်းရွာမှာရှိတဲ့ စစ်တပ်အထိုင်စခန်းတွေကနေလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လက်ရှိမှာ စစ်ရှောင်အရေအတွက် သောင်းဂဏန်းဝန်းကျင်အထိ မြင့်တက်လာနေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
မတ္တရာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ရေးသားချက်မှာတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ ညနေပိုင်းအချိန်က မတ္တရာမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းဟာ မြောင်းသစ်ကုန်းရွာအနီးမှာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၅ ယောက်နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်မှာ နစကတပ်သား သုံးယောက် မစိုးရိမ်ရဒဏ်ရာ ရရှိပြီး ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က နှစ်ယောက်သေဆုံးကာ Type – 81 အမျိုးအစား သေနတ် နှစ်လက်၊ MA – 2 အမျိုးအစား သေနတ် တလက်၊ စုစုပေါင်း သေနတ် သုံးလက်အပြင် ကျည်အိမ် ငါးခု၊ ကျည် ၁၅၀ ကျော်တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်ခဲ့တာမှာ မတ္တရာမြို့နယ်မှ စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းတို့ကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် အနောက်ခြမ်းကိုတော့ နစက က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ခြောက်ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ထိန်းချုပ်ထားတာကြောင့် လက်ရှိ မတ္တရာ အနောက်ခြမ်းမှာတော့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီမြို့နယ်က တွင်းငယ်ရွာနဲ့ အနီးဝန်းကျင်မှာ အရေးကြီးတဲ့ တပ်စခန်းတွေနဲ့ တွင်းထွက် သတ္တုလုပ်ငန်းတွေ ရှိတာကြောင့် နစက က ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တွင်းငယ်ရွာနဲ့ အနီးဝန်းကျင်က နစက စခန်းတွေကို နှစ်ဖက်အဖွဲ့တွေက အပြန်အလှန် သိမ်းယူမှုတွေဖြစ်ခဲ့ပြီး နစက တန်းမြင့်ပညာသင်ကျောင်း၊ နည်းပညာတပ်၊ ကုတင် ၁၀၀ ဆေးရုံတွေနဲ့ ရွှေနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ တည်ရှိတာကြောင့် နစက က လက်မလွှတ်ဘဲ ဖိအားပေးတိုက်ခိုက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ