TNLA နဲ့ နစက တွေ့ဆုံပြီးနောက် ဒေသတွင်းပြည်သူတွေရဲ့ သဘောထား အမြင်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅
Shy V (VOM)
ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ် တွေနဲ့ ကစထ(၁) မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စနစက တပ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တို့အကြား တရုတ်အစိုးရရဲ့ စီစဉ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ နဲ့ ၁၇ ရက် တွေမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာ နှစ်ဖက်တောင်းဆိုတင်ပြမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရန် ခက်ခဲလို့ ၁၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ ကြောင်း PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ပါတယ်။
TNLA ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့ အချက် (၃) ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
နှစ်ဖက်တပ် ရောက်ရှိတဲ့ နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း အားလုံး ရပ်တန့်ရန်၊နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံပြည်သူများ စားဝတ်နေရေးနဲ့ ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် ဆေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုခက်ခဲတဲ့ အခြေအနေတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ကတော့ သူ့နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို အထိခိုက်မခံချင်တာ သိသာပြီး အဲ့ဒါကိုပဲ အဓိက ဦးတည်ပြီးသွားနေတာလို့ လားရှိုး ဒေသခံ လူငယ် တယောက် က ပြောပါတယ်။
“နစက နဲ့ တအာင်းတပ် ရဲ့ ဆွေးနွေးမှုကလည်း တရုတ်ရဲ့ ပိတ်ဆို့မှုနဲ့ ဖိအားတွေကြောင့်ရယ်၊ နစကရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မတတ်နိုင်တဲ့အဆုံးဆွေးနွေးရတာပဲ။ နိုင်ငံရေး အလှည့်အပြောင်း ကြီးကြီးမားမားများ ပေါ်လာနိုင်မလားလို့ စိတ်ထင့်မိတယ်ဗျ။ တရုတ်ရဲ့ ဩဇာက မြန်မာနိုင်ငံအပေါ်မှာ တော်တော်ကြီးနေတာကို ဘယ်လိုများ ရှောင်ထွက်ကြမလဲ တိုင်းရင်းသား လက်နက်ကိုင် တွေလည်း စဉ်းစားရကြပ်နေပုံပါပဲ။” လို့ သူက ပြောပါတယ်။
ကူမင်း တွေဆုံ ဆွေးနွေးမှု ပြီးဆုံးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်ခန့်မှာပဲ TNLA တပ်ဖွဲ့ ထိန်းချုပ်ရာ ကွတ်ခိုင် နဲ့ နမ္မတူ မြို့နယ် အစပ် ဒေသ အခေါ် ဆိုင်ခေါင်ဝ် တောင်ကြောဘက် နစက တပ်ဖွဲ့က လေကြောင်း ဗုံးကြဲတိုက်ခိုက် ခဲ့ပါသေးတယ်။
တရုတ်ဖိအားနဲ့ ဆွေးနွေးပွဲကို လက်ခံခဲ့တာလို့ မြင်ကြောင်း နောက်ထပ် ဒေသခံ တယောက် ကလည်း ပြောပါတယ်။
ဒီတွေ့ဆုံ ဆွေးနွေးမှု အပေါ် နမ့်ခမ်း ဒေသခံ တယောက်ကတော့ ဆွေးနွေးပွဲ ရလဒ် ဘာမှထူးခြားမှု မရှိ သလို အောင်မြင်မှုလည်း ရှိတယ်လို့ မကြားရကြောင်း၊ ပလောင်ပြည်နယ် ပေးဖို့ တောင်းတာမှာ နောက်လာမယ့် လွတ်တော်နဲ့ အစိုးရသစ်မှာပဲ တောင်းခိုင်းတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။
ဆွေးနွေးပွဲမှာ TNLA ဘက်က ပြည်နယ်အဆင့် တောင်းဆိုတယ်လို့ ကြားသိရပြီး နစကဘက်ကလည်း လက်နက်ချဖို့ ကမ်းလှမ်းကြောင်း ကြားသိရတယ်လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။
တရုတ်ဘက်ကတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး ခေါင်းစဉ်နဲ့ နစက တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေကိုပါ ဖိအားပေးတာ တွေ့ရသလို့ ကြားဝင်စေ့စပ် ပေးတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တရုတ်အစိုးရရဲ့ ကြားဝင် စေ့စပ်မှုနဲ့ နစက တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့ တွေ့ဆုံပြီး ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ကြောင်း တရုတ်ဘက်က အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW