တောင်ကြောတောလမ်း စောင်းတန်းဝဲယာ

 

 

ဆူးငှက်

 

ကုန်လွန်ခဲ့သောနှစ်၅၀ကျော် ကာလ။

လူပျိုပေါက်စအရွယ်တိုင်အောင် လူကြီးမိဘမပါဘဲ ဘယ်ခရီးမှ မလွှတ်ဖူးသော အစဉ်အလာကြောင့် တန်ဆောင်မုန်းလ၏ အခါသမယအချိန်အခါ ကထိန်ပွဲတော်အဖြစ် မိဘများနှင့်အတူ လိုက်ပါရ ခြင်းက စစ်ကိုင်းတောင်သို့ ပထမဦးဆုံး ရောက်ဖူးခဲ့ခြင်းဖြစ်သည်။

 

ဆွမ်းဦးပုညရှင် စေတီအတက်

 

မဟာဂန္ဓာရုံချောင်၏ အစွန်ရှိကမ္မဋ္ဌာန်း ကျောင်းလေးတစ်ကျောင်းတွင် တည်းခိုရတော့၊ ထိုကမ္မဋ္ဌာန်း ကျောင်းလေးက ဆွမ်းဦးပုညရှင် စေတီအတက် ခြင်္သေ့တစ်ကောင်စောင်းတန်းနှင့် နီးကပ်နေသည်။ ကထိန်ပွဲနှင့် လိုက်ပါလာသော လူကြီးတွေက အထုပ်အပိုးချပြီးသည်နှင့် ဝေယျာဝစ္စ အလုပ်တွေက ပေါ်လာတော့သည်။

လှူဖွယ်ပစ္စည်းတွေပြင်ဆင်ရမည်။ ချက်ဖို့ပြုတ်ဖို့ ဈေးဝယ်ရမည်။ မီးဖိုကိစ္စစီစဉ်ရမည်။ အို … အလုပ်တွေက မနား နိုင်တော့၊ ပြောကြ၊ ဆိုကြ၊ အော်ကြဟစ်ကြနှင့် ပျားပန်းခတ်ဇယ်စက်သလို လုပ်ကိုင်နေကြတော့ ကျွန်တော့အတွက် နေရာမရှိ။ အလုပ်ရှုပ်ပြေးလွှားနေကြရသော လူကြီးနောက် တကောက်ကောက်လိုက်နေလို့လည်း မဖြစ်။ သည်တော့လည်း ဘာသိဘာသာ ဟိုနားရပ်လိုက်၊ သည်နားထိုင်လိုက်၊ ဟိုရေကန်ငုံ့ကြည့်လိုက်၊ ဒီသစ်ပင်မော့ကြည့်လိုက်ပဲပေါ့။ နောက်တော့ နေရာတစ်နေရာမှာ ဣန္ဒြေရသွားသည်။ ဒါကတည်းခို သည့် ကမ္မဋ္ဌာန်းကျောင်းလေးက အထက်ဘက်ရှိ ခြင်္သေ့တစ်ကောင်စောင်းတန်းလေးဆီသွားကာ အုတ်ခုံလေးပေါ်ထိုင်ရင်း စောင်းတန်းတစ်လျောက်က တက်ချည်၊ ဆင်းချည်ဘုရားဖူးတွေကို ထိုင်ကြည့်နေရုံပဲပေါ့။

 

တန်ဆောင်မုန်းလရာသီ

 

ထိုစဉ် ထိုကာလ တန်ဆောင်မုန်းလရာသီက မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ပေါ် ရွေ့လာလေသလား ထင်မှတ်မှားရလောက်အောင် စည်ကားသည်။ တန်ဆောင်မုန်းလဆန်း ၁၃ ရက်ဆိုတော့ ဧည့်တွေလည်း သွင်သွင်ကျလာပြီပေါ့။ နောက်ရက် အဖိတ်နေ့မှာလည်း ပိုမိုစည်ကားဦးမည်။ လပြည့်နေ့ညနေရောက်မှ ဖြည်းဖြည်းချင်း ပြန်လျော့သွားသည့် အစဉ်အလာဖြစ်၏။

 

ခြင်္သေ့တစ်ကောင်စောင်းတန်း၏ အုတ်ခုံလေးပေါ်မှာထိုင်ရင်း ဘုရားဖူးတွေကို ငေးကာ အတွေးတွေသီရတာ အရသာရှိလှသည်။ လွတ်လပ် အေးချမ်းလှသည်။ တက်လာသော ဘုရားဖူးတွေကိုကြည့်ရင်း မန္တလေးဘယ်အရပ်၊ ဘယ်ဝင်းကဖြစ်မလဲဆိုတာ ခန့်မှန်းရတာလည်း ပျော်စရာကောင်း လှသည်။ သူတို့အပြောအဆို သူတို့စကားတွေထဲမှာပင် သူတို့လိပ်စာတွေက ပါလာတတ်သေး၏။ အုတ်ခုံလေးမှာထိုင်ရင်း အတော်ကြာလာလို့ ပျင်းလာတော့ သူတို့နှင့်အတူ အပေါ်သို့တက်လိုက်သွားဖြစ်၏။ အပေါ်မှာ မင်္ဂလာအေးစေတီရှိသည်။ စေတီ၏ ဂန္ဓကုဋီတိုက်က အတွင်းပိုင်းတစ်ခုလုံး လက်ရာမြောက် မှန်စီရွှေချတွေအပြည့် စီထားသည်။ အတွင်းမှာ အရွယ်လတ်လူငယ်တစ်စုက ယောဂီဝတ်စုံများနှင့် ဘုရားပန်းတွေလဲနေကြသည်။ ဗုဒ္ဓဝေယျာဝစ္စတွေ ဆောင်ရွက်နေ ကြသည်။ ကျွန်တော်က ဘုရားပုရိဝုဏ်ဘေး တရုတ်စကားပင်အောက် …၊ တစ်ပွင့်ချင်းကြွေကျနေသော တရုတ် စကားပွင့်ခပ်လတ်လတ်တွေကိုကောက်ရင်း လွတ်လပ်အေးချမ်းခြင်း၏ သဘာဝကို နှစ်ခြိုက်နေမိသည်။ ထိုနေရာလေးက တော်တော်နှင့် မပြန်မိ …။

 

စေတီလေးရင်ပြင်မှာ ဆောင်းဦးပေါက်လေက သွေးသည်။ တရုတ်စကားပွင့်တို့ ရနံ့သင်းသင်းက မွှေးသည်။ ထိုအထိ အတွေ့မြင်ကွင်းနှင့် ရနံ့က နင့်နင့်နဲနဲခံစားလိုက်ရ၏။ ထိုနေ့က ညနေမှောင်ရီပျိုးကာမှ စေတီလေးရင်ပြင်က ပြန်ခဲ့သည်။ စောင်းတန်းကဆင်း ကမ္မဋ္ဌာန်းကျောင်းလေးဆီမရောက်မီ တရုတ်စကားပင်တန်းအောက်မှာ တစ်ခဏမျှခိုနေမိသေး ….။ မွှေးမြအေးချမ်းလိုက်ပုံလေ။

 

လူကြီးတွေက ညနေစာစားဖို့ မျှော်လို့ …။

 

 

တရုတ်စကားပွင့်ရနံ့သင်းသင်း

နောက်နေ့ လပြည့်အဖိတ်မှာတော့ ခြင်္သေ့တစ်ကောင်စောင်းတန်းမှာ လူပိုစည်လာသည်။ စောင်းတန်းတစ်လျှောက် ကျိတ်ကျိတ်တိုးနေ တော့၏။ သည်အထဲ ရေခဲချောင်း၊ ရေခဲမုန့်သည်၏ ကလိုင်သံက အဆက်မပြတ်တော့ …။ မင်္ဂလာအေးစေတီ၏ ဘုရားပုရိဝုဏ်မှာ ပိုမိုကျပ်ညပ် နေသည်။ မနေ့ကလို တရုတ်စကားပင်အောက်က တရုတ်စကားပွင့်ရနံ့သင်းသင်းနှင့် အေးချမ်းခြင်းရသကို စွဲမက်ဖွယ်ခံစားချင်နေသေးသည်။ ထို့ကြောင့် ကထိန်တရားနာပြီးတာနှင့် မဟာဂန္ဓာရုံချောင်၏ အနီးအနားဝန်းကျင်ကို တစ်ယောက်တည်း ခြေဆန့်မိပြန်၏။ လူကြီးတွေက “မနေ့ကလို မိုးချုပ်မနေနဲ့နော်” ဟု မှာလိုက်သေးသည်။ ချောင်၏ အနောက်ဘက် ကျောင်းတစ်ကျောင်းဘေးက အုတ်လမ်းလေးအတိုင်း ဘယ်ဆီရောက်မည်မှန်းမသိဘဲသွားမိသည်။ အုတ်လမ်းလေးက ကွေ့ဝိုက်ပြီး ဘုန်းကြီးကျောင်းတိုက် တစ်တိုက်ဆီသို့ ဦးတည်သည်။ ကံကောင်းလေသည်လားမသိ၊ ကွေ့ဝိုက်ဆင်းသွားသော အုတ်လမ်းလေးအဆုံး တရုတ်စကား ပင်တန်းတစ်တန်းကို ဘွားခနဲတွေ့လိုက်ရတော့ အံ့အားလည်းသင့်၊ ဝမ်းလည်းသာသွားသည်။ ဘုန်းကြီးကျောင်းဝင်းဆိုတော့ ခြင်္သေ့တစ်ကောင် စောင်းတန်းမှာလို လူမရှုပ်။ ကထိန်ခင်းမိသားစု တစ်စုလောက်သာ သိမ်ကျောင်းထဲမှာတွေ့နေရသည်။ တကယ်တော့ အခုလိုတရုတ်စကားပင်တန်းကို တွေ့တာ ထိုစဉ်က ကံကောင်းလိုက်တာဟု အောက်မေ့ခဲ့တာက အခုတော့ ရယ်မောစရာဖြစ်ခဲ့ပြီ။ စစ်ကိုင်းတောင်မှာ ဘယ်နေရာ ဘယ်ချောင်၊ ဘယ်လမ်း၊ ဘယ်ဘုရားသွားသွား .. တရုတ်စကားပင်အုပ်၊ တရုတ်စကားပင်တန်းနှင့် မလွတ်လေသည်ကို ထိုစဉ်ကမသိ …။ ထားတော့ …။

 

တိလောကဂုရုချောင်

 

ထိုစဉ်က တရုတ်စကားပင်တန်းနှင့်တွေ့တာ ကံကောင်းသည်ဟု မှတ်နေသော်လည်း ယခုမှ ပြန်လှန်စဉ်းစား၍ ကံမကောင်းလေသည် က ထိုတရုတ်စကားပင်တန်းနှင့် တူရူတောင်ကမ္ဘားယံတွင် အင်းဝခေတ် နံရံဆေးရေးပန်းချီတွေ တစ်စုတစ်ဝေးတည်းရှိရာ တိလောကဂုရုလိုဏ်ဂူတော် ကြီးရှိမှန်းမသိခဲ့လေခြင်းဖြစ်သည်။ ယခုတရုတ်စကားပင်တွေရှိရာ ဘုန်းကြီးကျောင်းဝင်းကြီးကလည်း “တိလောကဂုရုချောင်” ဆိုတာထိုစဉ်က မသိခဲ့ …။ သိမ်ကျောင်းကြီးဘေးမှာ ဧရာမညောင်ပင်ကြီး ရှိသည်။ ညောင်ပင်ကြီးနှင့်မလှမ်းမကမ်း တိလောကဂုရုလိုဏ်ဂူတော်ရှေ့မှာ တရုတ် စကားပင်တန်းရှိသည်။ အေးမြသန့်ရှင်းသော ဘုန်းကြီးကျောင်းမြေပေါ်တရုတ်စကားပင်တို့ နေပြောက်မထိုးစတမ်း အကိုင်းအခက်အရွက်ချင်း ယှက်နေကြ၏။ တရုတ်စကားပွင့်တို့  တလင်းပြောင်ပြောင်မှာ ဖြုတ်ဖြုတ်ကြွေသည်။ တိတ်ဆိတ်အေးချမ်းသောဝန်းကျင်မှာ တရုတ်စကားပွင့် ရနံ့တို့ ထုံနေ၏။ ရင်ထဲမှာ လှိုက်ဖိုစွာ ခံစားနေရသည်။ သည်မြေ၊ သည်ဝန်းကျင်၊ သည်မြင်ကွင်း … သည်ရနံ့က ဂမ်္ဘီရဆန်စွာ ဖမ်းစား လိုက်သည်။ မေ့မရတော့ …။

 

နုနယ်ညက်ပါး … သနပ်ခါးမွှေးတယ်

ပထမအကြိမ် ညှို့ယူဖမ်းစားခံလိုက်ရကတည်းက တရုတ်စကားပင်ကို စွဲလန်းသွားသည်။ စစ်ကိုင်းတောင်ရိုးကို စွဲလန်းသွားသည်။ စစ်ကိုင်းတောင်ဟုဆိုလျှင် တရှိုက်မက်မက်၊ တမက်တမောမော၊ တမောလျလျ ရင်ခုန်နစ်မွန်း သွားတော့သည်။ စိုးရိမ်ကြီးလွန်းသော လူကြီးများမို့ သူတို့နှင့်လက်လွှတ်ကင်းဝေးခရီးမျိုးကို စစ်ကိုင်းတောင်မျှပင် ခွင့်မပြုလေသောအခါ တစ်နှစ်မှ တစ်ခါ ကထိန်ရာသီကိုလက်ချိုး ရေတွက်စောင့်မျှော်နေမိသည်။ သည်လိုနှင့် … နောက်နှစ် … နောက်နှစ် … တွေမှာ ..၊ ကနီချောင်၊ တောတောင်ဘီလူးချောင်၊ ရေဦးတိုက်သစ်၊ အေးမြို့ကြီးချောင်၊ တစ်ပဲသာချောင်၊ ရွှေကျောင်းချောင်၊ ဈေးချိုချောင် … စသည်ဖြင့် စစ်ကိုင်းတောင်၏ ရင်ခွင်တွင်း တိုးဝင်ပူးကပ်မိတော့ … ပြောမပြနိုင်လောက်အောင်ပင် စွဲလန်းမိချေပေါ့ ….။

 

ဘုရားပုရိဝုဏ်အတွင်းက တရုတ်စကားပင်၊ ကြေးညောင်ရေတကောင်းတွင်းက တရုတ်စကားခက်နှင့်အပွင့် …၊ ကျောင်းဝင်းတလင်းပြင်က တရုတ်စကားပင်၊ မကန်းအုတ်လှေကားဟောင်းဘေးက တရုတ်စကားတန်း …။ တောင်ကြောကမ်းပါးယံကြားက တရုတ်စကားအုပ် …၊ စောင်းတန်းတစ်ဖက် တစ်ချက်က တရုတ်စကားတော …၊ လျှိုမြောင်လမ်းကြားက တရုတ်စကားမြိုင် …။

 

ကွယ်တို့ရယ် …၊ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်ပါပါရစေတော့ …၊ “နုနယ်ညက်ပါး … သနပ်ခါးမွှေးတယ်၊ ကျော့ရှင်းကေသာ … တရုတ်စကားတစ်ပွင့်ပန်တယ်၊ ကော့ရွှန်းမျက်ဝန်း … ဆွဲယူမွှေ့တယ်” ဆိုလေတော့ စစ်ကိုင်းတောင်ကို ဘယ့်နှယ်မေ့နိုင်တော့မှာလေ လဲ ….။

စိတ်ကြည်လင်အေးမြခြင်း ရသ

 

နောက်တော့ … လူကြီးတွေလက်က ကင်းလွတ် အရွယ်ရောက်ပြန်တော့ စစ်ကိုင်းဘုရားဖူး၊ စစ်ကိုင်းဆွမ်းကျွေး၊ စစ်ကိုင်းကထိန်၊ စစ်ကိုင်းရဟန်းခံ၊ သည်လိုနှင့် စစ်ကိုင်းတောင်နှင့် ပဋ္ဌာန်းဆက်ပါသွားကို တစ်နှစ်လျှင် အနည်းဆုံး ၃ ကြိမ် စစ်ကိုင်းတောင်မှာ တစ်ည (သို့မဟုတ်) နှစ်ညသုံးညအိပ်ဖြစ် တော့သည်။ ရှင်ဖြူရှင်လှစောင်းတန်း အတက် “မဟာသမယချောင်” မှာ နှစ်ပေါင်းများစွာ ဆက်တိုက်။  ဒါကိုပင် စစ်ကိုင်းတောင်ကို မဝချင်လှသေး…။

တရုတ်စကားပွင့်တွေဝေ၊ တရုတ်စကားပွင့်တွေကြွေ၊ တရုတ်စကားရနံ့တွေ သင်းနေသည့် စစ်ကိုင်းတောင်ရိုးတွင် လွတ်လပ်ခြင်း၊ အေးချမ်းခြင်း၊ ကြည်နူးနှစ်သက်ဖွယ် စိတ်ကြည်လင်အေးမြခြင်း ရသများကို တနင့်တနဲ စိတ်သွားတိုင်း ကိုယ်ပါရရှိနေလို့ မိမိကိုယ်မိမိကံကောင်း လှဘိဟု ကျေနပ်နေမိ၏။

 

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #တောင်ကြောတောလမ်းစောင်းတန်းဝဲယာ #စစ်ကိုင်းတောင်

Related posts

Leave a Comment

VOM News

FREE
VIEW