ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တအာင်းတပ် (TNLA)ဟာ နစကပြန်လည်ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ပြန်လည် ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေပြီး နစကဖက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေကြောင့် တိုက်ခိုက်မှုတွေကြောင့် အထိအခိုက်များနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နစကတပ်ထံ လက်လွှတ်လိုက်ရတဲ့ နောင်ချိုမြို့နယ်၊ တောင်ရှည်နဲ့ မန်မော်ရွာကြားက ဆယ်တောင်ပြည့်ကုန်းကို TNLAမှ မနေ့ ဖေဖော်ဝါရီလ ၂၂ရက်ကစတင်ပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။
“အထိအခိုက်ကတော့ များတယ်၊ အတိအကျတော့ မသိရဘူး။ လေယာဉ်လာကြဲတာကလည်း ငါးကြိမ်ရှိပြီ။ လက်နက်ကြီးသံကလည်း ဆက်တိုက်ပဲ။ အရပ်သားတွေ ထိခိုက်တာတော့ မကြားရမိသေးဘူး။ နှစ်ဖက်စလုံးက အင်အားအလုံးအရင်းနဲ့ တည်ထားတဲ့သဘောပဲ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
နောင်ချိုမြို့နယ်၊ တောင်းခမ်းဒေသမှာလည်း နစကတပ်နဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ ၆ လကျော်ကြာ ရှိနေပြီဖြစ်ပြီး တောင်းခမ်းဟာ နစကထိန်းချုပ်ထားတဲ့ ဗထူး၊ ရပ်စောက်နဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကြားမှာ တည်ရှိသလို စစ်ရေးအရ အရေးပါတဲ့ ဒေသတခုဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ နစကရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်စခန်းတွေဖြစ်တဲ့ အမတ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စီစဥ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂ ရက်တာ လုပ်ခဲ့တဲ့ နစကနဲ့ တအာင်းတပ် (TNLA)တို့ရဲ့ ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် TNLAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို နကစက လေကြောင်း ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေသလို တိုက်ပွဲတွေ တဖန်ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။
Photo:CJ