ဆူးငှက်
မန္တလေးမြို့ရဲ့ အထင်ကရ မန္တလေးတောင် အတက်လမ်းမှာရှိတဲ့ ရသေ့ကြီးဦးခန္တီကျောင်းတိုက်မှာ ဂေါတမမြတ်စွာဘုရားရဲ့ အရိုးဓာတ်တော်များကို ပူဇော်ထားရှိပါတယ်။ ဒီ ဓာတ်တော်တွေကို ထိုစဉ်ကာလ အိန္ဒိယနိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံ) ပက်သျှဝါမြို့က ပင့်ဆောင် လာခဲ့ကြောင်း သိရပါတယ်။
မန္တလေးကို အင်္ဂလိပ်သိမ်းပိုက်ပြီး နှစ်၂၀ကျော်အကြာ ၁၉၀၇ခုနှစ်မှာ ပလိပ်ရောဂါဘေးဆိုးကြီး ကျရောက်ပါသတဲ့။ အစိုးရအနေနဲ့လည်း ကာကွယ်နှိမ်နင်းရေးစရိတ်တွေက မနိုင်မနင်းဖြစ်သတဲ့။ ရောဂါကလည်း ကပ်ဘေးဆိုးကြီးတစ်ခုလို သုံးလေးနှစ် အမြစ်မပြတ်ဖြစ်နေတာကိုး။ ဒီကပ်ဘေးကြောင့် မြို့လူထုရဲ့ သုံးပုံတစ်ပုံလောက် ကလည်း အဝေးကို ထွက်ပြေးကြတယ်။ စစ်ကိုင်းတောင်ရိုးကို ပြေးကြသူချည်းကို ၂သောင်းလောက်ရှိသတဲ့။ အဲဒီကာလ မန္တလေးလူဦးရေက တစ်သိန်းခွဲလောက်ပဲ ရှိတာပါ။ ပလိပ်ရောဂါဖြစ်တဲ့ ကာလမှာ မန္တလေးက လူဦးရေ ၄သောင်းခွဲလောက် အဝေးကို ပြေးကြတာလို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ရောဂါတားဆီးနှိမ်နင်းမှု ပြုလုပ်တဲ့အခါ မြို့လူထုကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကုစားမှုအနေနဲ့ ဘုရားကု ကုတဲ့အနေနဲ့ မြတ်စွာဘုရားရဲ့ အရိုးဓာတ်တော်ကို အိန္ဒိယကတဆင့် မန္တလေးကို ပင့်ဆောင်စေပါတယ်။
အခု ပါကစ္စတန်နယ်ထဲမှာ ရောက်သွားတဲ့ ပက်ရှဝါဆိုတဲ့ မြို့က အဲ့ဒီကာလ အိန္ဒိယနိုင်ငံထဲမှာ ရှိတယ်။ ဒီမြို့နားက စေတီဟောင်းတစ်ဆူမှာ ဌာပနာတိုက်တွေ့လို့ တူးဖော်ကြည့်တော့ ဘုရားရှင်ရဲ့ ဓာတ်တော်ကို လုံခြုံစွာ ဌာပနာထားတာတွေ့တယ်။ စေတီဟောင်းအုတ်ပုံကြီးက ကရစ်ရှနဘုရင် တည်ထားခဲ့တာလို့ ယူဆကြတယ်။
ကရစ်ရှနဘုရင်ဟာ ထိုက်တန်လှစွာသော ရတနာတို့နှင့် မွမ်းမံပြီး ဉာဏ်တော်အမြင့် ပေ ၄၀၀ရှိတဲ့ စေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့တယ်။ ပြင်သစ်ပညာရှင် ” ဝူးချက်”က ပက်သျှဝါမြို့ရှိ အရှေ့အရပ်တွင်ရှိတဲ့ ကုန်းဟောင်းက စေတီတော်တည်ရာ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ကျောက်စာဌာနက ၂နှစ်တိုင်လေ့လာ တူးစေခဲ့ရာ ကျောက်လွှာမြေအထပ်ထပ်ကို တွေ့ရှိရတော့ စေတီတည်ရာ အမှန်ဖြစ်တယ်လို့ ယူဆခဲ့တယ်။ စေတီဟောင်းရဲ့ အလယ်တည့်တည်ှက တူးဖော်ခဲ့တာ ပေ ၂၀ မှာရှိတဲ့ ကျောက်ဌာပနာတိုက်ထဲက ဓာတ်တော်ကြုတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ကြုတ်တော်အဝက ငါးလက်မ၊ အမြင့် လေးလက်မရှိပြီး ဇာတိလောဟာခေါ် သံဆေးဖြင့် ပြုလုပ်ထားတဲ့ ကြုတ်အတွင်း သလင်းကြုတ်နဲ့ ထည့်သွင်းပူဇော်ထားတဲ့ ဓာတ်တော်များကို တွေ့ရှိခပါတယ်။ ကြုတ်အောက်ခြေမှာ ရေးထိုးထားသည့် ရှေးဟောင်း ရှေးဟောင်းဂန္တာရတိုင်း အက္ခရာအရ ဘုရားရှင်ရဲ့ အရိုးဓာတ်တော်လို့ အတည်ပြု ခဲ့ကြတယ်။ ကြုတ်အဖုံးမှာ ဘုရားရှင်က ပလ္လင်ထက်ဝယ် လက်ယာလက်တော်ဖြန့်ပြီး နေဟန်၊ ကြုတ်ဘေး ပတ်လည်မှာ ရဟန္တာတွေ မတ်တပ်ရပ် ရှိခိုးနေဟန်နှင့် နဂါးရုပ်နှင့်ဟင်္သာပုံကို ထွင်းထုထားသတဲ့။
ဒီစေတီဟောင်းကြီးက ကမ္ပည်းစာ အထောက်အထားတွေနဲ့ တကွ ဘုရားရှင်ဓာတ်တော်ကို တွေ့ရပေမယ့် ဗုဒ္ဓဘာသာဝင် အလွန်နည်းပါးနေတဲ့ အိန္ဒိယက သိပ်စိတ်ဝင်စားလှပုံ မပေါ်ဘူး။ ဒါကြောင့် မြန်မာပြည်ကို ပို့ပေးမယ် ဆိုတော့ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ခဲ့ပြီး ဗုဒ္ဓသာသနာလည်း ထွန်းကားလှတဲ့ မန္တလေးကို ပက်ရှဝါက ဘုရားဓာတ်တော်ကို ပင့်ဆောင်စေခဲ့တာပါ။ ဖြစ်ချင်တော့ မန္တလေးမှာလည်း ပလိပ်ရောဂါကပ်ဘေး ကျရောက်နေချိန် ဆိုတော့ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဘုရားကု ကုဖို့ အဆင်ပြေသွားတာပေါ့။
ဒီဓာတ်တော်တွေကို မြန်မာပြည်ဘုရင်ခံ ဆာသာကယ်ဝှိုက်က တောင်းခံပြီး ဘုရင်ခံချုပ် လတ်မင်းတိုက မြန်မာပြည်ကို ပင့်ဆောင်ခွင့်ပြုတယ်။ ဒါကြောင့် မင်းတုန်းမင်းကြီးသားတော် ပျဉ်းမနားမင်းသားကြီး ဦးဆောင်တဲ့ အဖွဲ့က အိန္ဒိယဘုရင်ခံချုပ်က ပေးအပ်တဲ့ ဓာတ်တော်ကို ကာလကတ္တားထိသွားပြီး လက်ခံပင့်ဆောင်ကြတာပါ။ ဓာတ်တော်ပင့်တဲ့ အဖွဲ့မှာ ပျဉ်းမနားမင်းသားကြီးနဲ့အတူ ဘုရင်ခံချုပ်ရဲ့ မင်းတိုင်ပင်အမတ် ဦးဘတူ၊ ကျောက်စာဝန်တော်စိန်ခို၊ သမာဓိမြို့ဝန်ဦးဘေ၊ ရွှေပြည်မင်းကြီးသား ရွှေပြည်မောင်မောင်လေးတို့ ပါဝင်တယ်။ ဓာတ်တော်ကို ကာလကတ္တားက ပင့်ဆောင်ခဲ့ရာ ၁၂၇၁ ခုနှောင်းတန်ခူးလဆန်း ၁၃ ရက်(၁၉၁၀ ခု မတ်လ ၃ ရက်)နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိပြီး ၈ ရက်အပူဇော်ခံခဲ့တယ်။ ရန်ကုန်က ဆက်လက်ပင့်ဆောင်ရာ နှောင်းတန်ခူးလပြည့်ကျော် ၄ ရက်(၁၉၁၀ ခု မတ်လ ၂၈ ရက်)နေ့မှာတော့ မန္တလေးမြို့ကို ရောက်ရှိပါတယ်။ မန္တလေးရောက်တော့ တောင်ပြင် စိတ္တရမဟီရပ်၊ ကြေးမြင်မိဖုရား အိမ်ဝင်းအတွင်းမှာ ခေတ္တအပူဇော်ခံပြီး မဟာမုနိဘုရားကြီး ဂန္ဓကုဋိကျောင်းတော်ကြီးမှာ အပူဇော်ခံခဲ့သတဲ့။
ဒီ့နောက် ရသေ့ကြီး ဦးခန္တီက ဓာတ်တော်ကို လုံလုံခြုံခြုံနှင့် ခမ်းခမ်းနားနားပူဇော်နိုင်စေဖို့ မန္တလေးတောင် ဘိုးဘိုးကြီးဂူ အထက်မှာ ဓာတ်တော်တိုက်ကို ဆောက်လုပ်ခဲ့တယ်။ ဓာတ်တော်တိုက် ဆောက်လုပ်ပြီးချိန်မှာ အဆောင်အယောင် များနှင့် ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ မန္တလေးတောင်ဓာတ်တော်တိုက်မှာ ပင့်ဆောင်အပူဇော်ခံကာ ဒုတိယကမ္ဘာစစ်ကြီး မှာတော့ ဓာတ်တော်တိုက်ကနေ တောင်ခြေရှိ ရဟန်းပျိုအဖွဲ့ချုပ်တည်ရာ ကျောင်းတိုက်အတွင်း လုံခြုံစိတ်ချစွာ ပြောင်းရွေ့ပူဇော်ခဲ့ပါတယ်။
ယခုအခါ ဓာတ်တော်ကိုမန္တလေးတောင်ခြေ ဦးခန္တီကျောင်းတိုက်အတွင်းမှာ ပူဇော်ထားရှိပြီး ဘဒ္ဒန္တဇောတိက၊ အဂ္ဂမဟာမဏ္ဍိတ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ဥက္ကဌ၊ ဦးကောဝိဒ(သာကီသွေး)၊ ဦးကောဝိဒ(မြင်းခြံ)၊ ဦးဉာဏဝံ ဆရာတော်တို့က အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြကာ ဥပုသ်နေ့တိုင်း အပူဇော်ခံလျက်ရှိပါတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်အစစ် မန္တလေးမှာ ရှိတယ်ဆိုတာ မြို့ခံများကအစ သိရှိသူ နည်းပါးနေပါတယ်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ပလိပ်ရောဂါဘေးဆိုးကြီးကိုဘာသာရေးနည်းလမ်းဖြင့်လည်း ကုစားခဲ့ကြပုံ