ရင်ကပ်သရဖီ..၊ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်

 

ညို့ညို့ဆိုင်းဆိုင်း၊
မှိုင်းပြာရီ မှောင်တန်းတော့
တိမ်ခိုးလေးတွေ ဘေးက
ယှက်လို့
တောင်တန်းတစ်ဖက် တစ်ချက်
ဝန်းကာရံကာပင်
လွမ်းစရာ့ စံရာတစ်ခွင်
သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။
သနားစရာ ကမ်းပါးအစ၊
ရင်ခတ်သရဖီ
အခွေအခွေပင် . . . ။
ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊
ပုံတော်အစစ်ကို မြင်ရတော့
သခင်မ၊ ယခင်ဘဝ . . .
အသက်မရှည်လေခြင်း . . .
ကျေးဇူးရှင်ရယ် နေညိုနု၊
ရွှေလိုရှု . . .
မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။

(နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း)

 

မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့ အကောင်းဆုံးနေရာကို ပြပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွှန်းဆိုရပေမည်။ တချို့ကလည်း မယ်ဥတောင်ဟု ခေါ်ဆိုကြ၏။ မန္တလေးမြောက်ဘက် ရှစ်မိုင်အကွာ ကြာနီကန်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ရေမြေကလည်း အလွမ်းရေမြေ . . .။ ပုဂံခေတ်၏ ကိုရင်မောင် မရွှေဥအလွမ်း ဇာတ်သန္ဓေတည်ရှိရာ ရေမြေ . . .’

 

ပတ်ဝန်းကျင် အနေအထားကလည်း ရိုးမရှိ၏။ လယ်တောရှိ၏။ ဗြိဇင်၊ တောသဇင်၊ တောစံပယ်ပန်းလေးများ ရှိ၏။ တန်ခူး ကာလရောက်လျှင် ပင်လုံကျွတ်မျှ ပွင့်တတ်သော သရဖီပင်ဝိုင်းရှိ၏။ မင်းလေး၏ စီးတော်ကျားတွင်းရှိ၏။ သစ်ရွက်ခြောက်လေးတွေသာ ရှပ်တိုက်ပြေးနေသော စောင်းတန်းအိုးလေးလည်း ရှိ၏။ စောင်းတန်းအတက်စမှာ ဦးခန္တီကောင်းမှု အာရုံခံသံ ဇရပ်ကြီးက လူသူကင်းမဲ့ ငိုက်မျဉ်း နေတတ်ချေသေးသည်။ သို့သော် ဓားကိုယ်စီဖြင့် ရွေဖျဉ်းညီနောင်က ကျားကိုယ်စီ စီးလျက် မာန်ဝံ့နေသေး၏။

 

ခပ်လှမ်းလှမ်း အင်ကျယ်ရွာဆီမှ သီချင်းသံသဲ့သဲ့ ကြားနေရချေသည်။ ပြန်ဆိုတေးတစ်ပုဒ်ကို ဖွင့်နေသော ၆ ဗို့ဘက်ထရီသုံး ကက်ဆက်တစ်လုံးမှ ဖြစ်မှာပေါ့ ။

 

အခုတော့ တန်ခူးလ ပန်းကောက်ပွဲ၊ ကဆုန်လ ဆင်ရွာကြီး ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်လ ကျောက်တော်ကြီးပွဲမှ အစ . . . ပွဲလမ်းအလှူအတန်းရှိလျှင် မလေးရှား ပလေကတ်က ပွဲလည်းတိုး၊ အဝတ်လည်း ခံသည်။ အိမ်မှာနေရင်း . . .၊ ယာထွန်ရင်း . . .၊ ပခုက္ကူထည်၊ ဝမ်းတွင်းထည်ကို နှမ်းပေါ်ပေး၊ ပဲပေါ်ပေးနှင့် ရနိုင်သည်။

 

လွန်ခဲ့သော နှစ်တစ်ရာကျော် ကာလများတော့ သည်နေရာမှာ အိမ်ရှေ့ကိုယ်တော်ကြီး ရဲမက်တွေ မြင်းကိုယ်စီနှင့် ဟန်ရေးတပြပြ ဖြစ်နေမှာ မြင်ယောင်သည်။ ‘ယောက်ဖ၊ နှမပေး’ စသည်ဖြင့် ရင်းနှီးစွာ စပြောင်ကြရင်း မြင်းရေးပြိုင်ကြမည်။ လက်လှဲအားစည်းကြမည်။ ဓားရေးပြကြမည်။ နပန်းပွဲ နွှဲကြမည်။ ငယ်ကျိုးငယ်နာဖော်ကာ နောက်ကြပြောင်ကြမည်။ သြော်.. ထန်းရည်ကလေးကလည်း မူးနေကြပေသကိုး…။

 

xxx xxx xxx

ဟို..တောင်ပေါ်ရိုးဆီကမြူခိုးတွေလွင်..၊ မိုးရွာမယ်မထင်မိပါလို့ ပါလာတဲ့ရှာတဘက်ကလေး..ခေါင်းပေါ်တင်မိပြန်ရင် သည်းသည်းမဲမဲရွာပြန်တော့ ကညာလေးပျိုကင်ပွန်းခြုံကွယ်နဘေး.. ဝင်သွားရှာပြီမင်းဂံဘုတ်ရွာသူများ…၊ အသားတော်လေးဝင်း..လို့ ဝါဝါရီရွှင်..ကြည်ကြည်လင်လင်…၊

 

သခင်မ တောင်တော်ဟုဆိုလျှင်ဖြင့် ၊ မန္တလေးသားတွေ ပြေးမြင်မိကြသည်မှာ အိမ်ရှေ့မင်း ထန်းတောပဲ ဖြစ်ပါသည်။ သခင်မတောင်ခြေအရှေ့ဘက်က ပိန်းပိတ်ညိုမှောင်နေသော ထိန်းတောကြီးကား မန္တလေးအနီး ပတ်ဝန်းကျင်ရှိ ထန်းတောပေါင်း မြောက်မြားစွာ အနက်၊ အကောင်းဆုံး ထန်းရည်များ ထွက်ရာ ထန်းတော ကြီးဖြစ်သည်။ ထိုထန်းတောကြီးမှာ နန်းတော်ရှေ့ဆရာတင်လည်း ခြေရာထပ်မျှ နှံ့စပ်ခဲ့သည်။ သူ၏ နာမည်ကျော် ‘မင်းဂံဘုတ်’ သီချင်းကို အိမ်ရှေ့မင်းထန်းတောမှမွေးဖွားခဲ့သည်မဟုတ်လား….။

 

ချောင်းဘောင်မှာဖြတ်လာရှာတဲ့ ပတပ်ကလေးနီကျင်ကျင်ရယ် နွယ်ကြိုးရှည်နဲ့သွယ်…၊ သြော်..ငယ်မူကိုမဖျောက်နိုင်ဘု ပျော်လောက်ဖွယ်မယ်ရင်ရယ်.. လွမ်းပါဘိတယ်..၊ ပျို့ဇာတိနွယ်ပျိုတို့ဇာတိနွယ်….

 

‘ဇာတိနွယ်’ ဟုခေါ်သော လက်ရည်တစ်ပြင်တည်း ‘သီချင်းထဲမှ ‘ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါကွယ် ၊ လမ်းစဉ်၊ လမ်းဆက်၊ လမ်းမျက်စိတောင်မှ လည်ပါတယ် မောင်ရယ်’ ဟူသော စာသားကလည်း အိမ်ရှေ့မင်း ထန်းတောမြင်ကွင်းမှ ပေါက်ဖွားလာ သည် မဟုတ်လော။

 

ဆရာတင့် သီချင်းသြဇာကြောင့် မန္တလေးသားမှန်လျှင် သခင်မတောင်နှင့် အိမ်ရှေ့မင်းထန်းတောသို့ ရောက်ဖူးကြသည်ချည်းဖြစ်သည်။ သင်္ကြန်တွင်းလို အခါသမယမှာတော့ အိမ်ရှေ့မင်းထန်းတောမှာ သင်္ကြန်ပျော် ဂျစ်ကားတွေ ဥဒဟို ရောက်တတ်ကြသည်။ ထိုအရာများကား အတိတ်ရုပ်ပုံလွှာများပင် ဖြစ်တော့၏။ တကယ်တော့ မန္တလေး၏ အလှဆုံးနေရာကိုပြပါဆိုလျှင် သခင်မတောင်တော် ၊ အိမ်ရှေ့မင်းထန်းတော အင်ကျယ်ရွာနှင့် ချောင်းမကြီးဝန်းကျင်ကို ပြရပေမည်။ သမိုင်းအရ၊ ဒဏ္ဍာရီအရ ၊ တောတောင်ရေမြေရှုခင်းအရ..၊ သစ်ပင်သစ်တောအရ..၊ မန္တလေးနှင့် အလှမ်းမဝေးသည့် နေရာအရ.. အကောင်းဆုံးနေရာလည်းဖြစ်သည်။ ရတနာပုံခေတ်မှသည် ၁၉၈၈ဝန်းကျင်အထိ မြိ့ု့၏ အထွတ်အမြတ် အသည်းစွဲနေရာဖြစ်ခဲ့သည်။
နန်းတော်ရှေ့ ဆရာတင်ကပင် ဤသို့ဆိုခဲ့ဖူးသည်မဟုတ်လော . . .။

 

‘ပင်စုံမြိုင်နန်း၊ ပန်းကရမက်တွေကဝေဝေလွင်လွင်၊ မစုံသူတွေရောက်ကြလျှင် ဝမ်းသာသလိုလို၊ဝမ်းနည်းချင်သလိုလို ငိုချင်သလောက်ပင်၊ မုန်းချင်စိတ်နာပါတယ်…၊ လိပ်ပြာတောင်ငယ်သေးပါတယ်.. အဝေးကမမြင်ချင်၊ သြော်…သြော်..ဗြိဇင်… . တောင်သဇင်တောစံပယ်ပန်းကလေးက ဘေးအကျမွှေးလှတယ်ရှင်၊ ကျေးဇူးရှင် မေပျိုဥရဲ့ တောင်တော်အဝင် . . . ‘ တဲ့။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #ရင်ကပ်သရဖီ..၊ကင်ပွန်းခြုံကွယ်နှင့်ပျို့ဇာတိနွယ် #သခင်မတောင်တော် #မယ်ဥတောင်

Related posts

Leave a Comment

VOM News

FREE
VIEW