မုံရွာနယ် ဗောဓိတထောင် ဘုရားအနီးတိုက်ပွဲ ရဲအုပ်တယောက်သေဆုံးပြီး တခြားရဲတပ်ဖွဲ့ဝင်တွေ ပျောက်နေ

ဖေဖော်၀ါရီ ၊ ၂၆ ၊ ၂၀၂၅
KH(VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ရဲ့ အရှေ့ တောင်ဘက်မှာရှိတဲ့ ဗောဓိတထောင် သာသနာ့နယ်မြေမှာ ဒီကနေ့ မနက် အစောပိုင်းကစလို့ တိုက်ပွဲတွေဖြစ်နေလို့ မုံရွာမြို့ခံတွေဆီက သိရပါတယ် ။
” ဗောဓိတထောင် သာသနာ့နယ်မှာ တိုက်ပွဲဖြစ်တာ အခုဟာရောဆိုရင် သုံးလေးကြိမ်ရှိပြီဖြစ်တယ်၊ နှစ်ဘက် ထိခိုက် သေဆုံးသူတွေလည်းများပြီ ၊ ဒီကနေ့ ဖြစ်စဥ်မှာတော့ ရဲကင်းစခန်းမှူး ရဲအုပ် ကျော်​ဝေအောင် သေဆုံးတယ်လို့ ကနဦး ကြားရတယ် ၊ အဲ့ဒီအပြင် ရဲတပ်ဖွဲ၀င် တချို့လည်း ပျောက်ဆုံးနေတယ်လို့ ကြားသေးတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ နောက်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ရှစ်လောင်း တွေ့ရတယ် ၊ ဘယ်အဖွဲ့ဘက်က ရုပ်အလောင်းတွေဆိုတာ အခုထိအဖြေ မသိရသေးဘူး ” လို့ ဘုရားဂေါပက အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ် ။
” ဗောဓိတထောင် သာသနာ့နယ်မြေမှာ ဘုရားဖူး ခရီးသည်တွေအတွက် ရဲလုံခြုံရေး ကင်းစခန်း တခုရှိတယ် ၊ အဲ့ဒီ ရဲကင်းကို ၀င်ရောက်တိုက်ခံရတာပါ ၊ တိုက်ပွဲအရှိန်းပြင်းတယ် ” လို့ ဗောဓိတထောင် ဘုရားစျေးသည် တယောက်က ပြောပါတယ် ။
ဒါ့အပြင် မုံရွာမြို့ခံတယောက်က
” မနက်က ကျွန်တော် ကလေးကျောင်းပို့သွားရင်း လက်နက်ကြီး ပစ်သံတွေကြားရတယ် ၊ ဆယ်ချက်နီးပါးရှိမယ် ၊အချက်ရေတော့ သေခြာ မမှတ်မိလိုက်ဘူး ” လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဗောဓိတထောင် သာသနာ့မြေမှာ ရုပ်သံထပ်ဆင့်လွင့်စက်ရုံတည်ရှိပြီး ၊ အဲ့ဒီ စက်ရုံလုံခြုံရေးအတွက် နဲ့ သာသနာ့မြေ လုံခြုံရေးအတွက်ဆိုကာ ၂၀၂၁ နှစ်ကပြီး ရဲကင်းစခန်းချမှတ်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ တုန်းက ဘုရားကုန်းအောက် ရေဆင်းခပ်သွားတဲ့ ရဲနှစ်ယောက် ပစ်သတ်ခံရပါသေးတယ်။ ဒါအပြင် ဒီေန့မနက် အစောပိုင်း မုံရွာ – ဗောဓိတထောင် လမ်းပိုင်းနဲ့ မုံရွာ – ကျောက္ကာလမ်းကို ယာယီပိတ်ထားမယ်လို့ MPDO ; PDF အဖွဲ့က အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာချက်တစောင် ထုတ်ပြန်ထားပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW