အမေရိကန်နိုင်ငံသား ဖြစ်ခွင့်အတွက် ဒေါ်လာငါးသန်းတန် Gold Card တွေရောင်းချတော့မယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံသား ဖြစ်ခွင့်လမ်းကြောင်းရှိတဲ့ ဒေါ်လာ ငါးသန်းတန် Gold Card တွေရောင်းချဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အဓိကဆွဲဆောင်တဲ့ ဗီဇာအစီအစဉ်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင် ရင်းနှီးမြုပ်နှံသူတွေအတွက် ထုတ်ပေးတဲ့ EB-5 ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။
EB-5 ဗီဇာအစီအစဉ်ဟာ အမေရိကန်မှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card ထုတ်ပေးတာဖြစ်ပါတယ်။ Gold Card ကိုဒေါ်လာ ငါးသန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Green Card အခွင့်အရေးတွေအပြင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်းဖြစ်တယ်လို့ ထရန့်ကပြောပါတယ်။
ချမ်းသာတဲ့သူတွေ ဒီကတ်ကိုဝယ်ပြီး အမေရိကန်ကို လာနိုင်ကြတယ်လို့ ဆိုပါတယ်။ ရုရှားစီးပွားရေးသမား အိုလီဂါ့တွေတောင် ဒီကဒ်ကိုဝယ်နိုင်တယ်လို့ ထရန့်က ပြောပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ ၁၉၉၀ ခုနှစ်မှာ ကွန်ဂရက်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။
အဲဒီ Gold Card တွေကို ရောင်းချမယ့် အသေးစိတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး လာမယ်နှစ်ပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
EB-5 အစီအစဉ်ဟာ လိမ်လည်မှုတွေရှိနေပြီး စျေးသက်သာတဲ့ Green Card ရတဲ့နည်းလမ်းတခုဖြစ်နေပြီး ဒါကို သမ္မတထရန့်က အဆုံးသတ်ပြီး Gold Card အစီအစဉ်နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က သတင်းထောက်တွေကို ပြောပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW