ရန်ကုန် – မန္တလေး လမ်းဟောင်းရှိ နစကဂိတ်စခန်း ခုနစ်ခု တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၇ – ၂၀၂၅
SN (VOM)
ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ နစကဂိတ်စခန်း ခုနစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ နစကတပ်ဖွဲ့တွေ အခြေချ တပ်စွဲထားတဲ့ ဂိတ်စခန်းတွေကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ ည ၁၀ နာရီလောက်ကစပြီး မီးရထားသံလမ်းနားက နစက ဂိတ်စခန်းတွေ အားလုံး တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရတာပါ။ ၂၆ ရက်နေ့ ၊ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့တာ။ နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိခဲ့တယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
တိုက်ခိုက်မှု လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ ဖြစ်စဉ်အတွင်း နစကတပ်ဖွဲ့ဝင် ရှစ်ယောက် သေဆုံးခဲ့ပြီး နှစ်ယောက် ထိခိုက်ခဲ့ကာ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် အဲဒီ ထုတ်ပြန်ချက်မှာ စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ နစကတပ်ဖွဲ့တွေနဲ့ ဂိတ်စခန်းတွေ အနီးဝန်းကျင်ကို မလိုအပ်ဘဲ သွားရောက်ခြင်းတွေ မပြုလုပ်ကြဖို့ ဖော်ပြထားပြီး နစကဘက်ကတော့ အခုလို ဂိတ်စခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အခုလို ရထားသံလမ်းအနီးရှိ နစက ဂိတ်စခန်းတွေ တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာမှာ အမြန်ရထားတစီး ၆ နာရီကြာ ရပ်တန့်နေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်ဘူတာကြီးကနေ မနေ့ ဖေဖော်ဝါရီ ၂၆ ရက်၊ မနက် ၆ နာရီက စတင်ထွက်ခွာလာတဲ့ ရန်ကုန် – မန္တလေးသွား အမှတ် (၁၁) အဆန်ရထားတစီးဟာ မနက် ၉ နာရီဝန်းကျင်မှာ ညောင်လေးပင်ဘူတာမှာ ရပ်တန့်နေခဲ့ရတာဖြစ်ပြီး ညနေ ၃ နာရီကျော်မှသာ သတ်မှတ် ခရီးစဉ်အတိုင်း ပြန်လည် ထွက်ခွာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတထောင်) စခန်းကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဗောဓိတထောင်စခန်း တိုက်ခိုက်ခံရမှုမှာ ရဲ ၁၁ ယောက် သေဆုံးခဲ့ပြီး G – 3 အမျိုးအစား သေနတ် ငါးလက်၊ Uzi အမျိုးအစား သေ နတ် သုံးလက်၊ M – 79 အမျိုးအစား သေနတ် နှစ်လက်၊ G – 3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း နှစ်လုံး၊ ကျည်အိမ် ခြောက်ခုနဲ့ TV တလုံးတို့ကို သိမ်းဆည်းရရှိခဲ့ကာ စခန်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်း ထုတ်ပြန်ထားပြီး နစကဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW