အင်းတော်မြို့နယ်မှာ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သောင်းကျော် ဖမ်းဆီးရမိ

အင်းတော်၊ ဧပြီ ၂၆-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမ နဘားလမ်းဆုံမှာ ကုန်စိမ်းတွေ တင်ဆောင်ပြီး မောင်းနင်လာတဲ့ ကားတစ်စီးကို မသင်္ကာဖွယ် တွေ့ရတာကြောင့် ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဘိုး ဖမ်းဆီးရရှိမှုဖြစ်စဉ် ဒီကနေ့ နံနက်(၈)နာရီက ဖြစ်ပွားခဲ့ပါတယ် ။

ဖြစ်စဉ်မှာ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး  နဘားလမ်းဆုံမှာ စစ်ဆေးရှာဖွေနေချိန် အင်းတော်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်ကို မြင့်ဇော်ဦး (ခ) မျိုးဇော်ဦး  မောင်းနင်လာပြီး ယာဉ်ခေါင်းခန်းမှာ မင်းမင်းဦး (ခ)မင်းဦး ၊ မငုဝါလှိုင် တို့ လိုက်ပါလာတဲ့ SHN 1M 6256 နံပါတ်ပါ SOJEN PICKUP အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဖမ်းစီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းစီးရမိခဲ့တဲ့ ယာဉ်ရဲ့ ယာနောက်ကြမ်ခင်း အံဝှက်အတွင်းမှာ  ထည့်သွင်းသိုဝှက် သယ်ဆောင်လာတဲ့ ဘိန်းဖြူပါ ဆပ်ပြာခွက် တစ်ခွက်လျှင် (၁၀)ဂရမ်စီပါ (၈၃၆)ခွက် စုစုပေါင်းဘိန်းဖြူ အလေးချိန် (၈.၃၆)ကီလိုဂရမ် ကာလတန်ဘိုး  ရှစ်ထောင့်သုံးရာခြောက်ဆယ်သိန်း ၊ မူးယစ်ဆေးပြား (၂၄၀)ထုပ်  ဆေးပြားပေါင်း (၄၅၇၅၀)ပြား ကာလတန်ဘိုး  ကျပ်သိန်း နှစ်ထောင့်နှစ်ရာရှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း၊  ဘိန်းဖြူနဲ့မူးယစ်ဆေးပြား စုစုပေါင်း ကာလတန်ဘိုး ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ရာ့လေးဆယ့်ခုနှစ်သိန်းငါးသောင်း (၁၀၆၄၇၅၀၀၀၀) ကျပ် ကို တွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။

မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဘက်မှ ကချင်ပြည်နယ် ဖားကန့်ဘက်ကို သယ်ဆောင်ရန် မောင်းနင်လာသူ မြင့်ဇော်ဦး (ခ) မျိုးဇော်ဦး (၃၂ နှစ်) မန္တလေးတိုင်း ပြည်ကြီးပျော်ဘွယ်အနောက် ချမ်းသာရထုံးကုန်းရပ် နေထိုင်သူ နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ မင်းမင်းဦး(ခ)မင်းဦး (၂၆ နှစ်) ၊ မငုဝါလှိုင် (၂၆ နှစ်) မန္တလေးတိုင်း ကိုးလုံးတကာရပ်ကွက် ချမ်းအေးသာဇံမြို့နယ် နေထိုင်သူတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေအရ အရေးယူ ဆောင်ရွက်ထားတယ် လို့ အင်းတော်မြို့မရဲစခန်း က သိရပါတယ် ။

#voiceofmyanmar#အင်းတော်#မူးယစ်ဆေးဝါးကျပ်သိန်းပေါင်းတစ်သောင်းကျော်ဖမ်းဆီးရမိ#

Related posts

Leave a Comment

VOM News

FREE
VIEW