မတ် ၂၀ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ လှည်းကူးမြို့နယ် ၊ အမှတ် ၃ လမ်းဆုံ ၊ စစ်ဆေးရေးဂိတ်အနီးမှာ Elite ခရီးသည်တင်Express ကားနဲ့ လိုက်ထရပ်ကားတို့ တိုက်မိပြီး နှစ်ယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
ဒီကနေ့ မတ် ၂၀ ရက် ၊ မနက်အစော ၆ နာရီလောက်မှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ သေဆုံးသူတွေက လိုက်ထရပ်ကားပေါ် လိုက်ပါလာတဲ့ အမျိုးသား နှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ် ။
” ယာဥ်တိုက်မှုဖြစ်ကြောင်း သတင်းပေးချက်အရ ကျွန်တော်တို့ သွားခဲ့တာပါ ။ ယာဥ်တိုက်မှုက ဘယ်လိုဖြစ်တာလဲဆိုတာတော့ ယာဥ်ထိန်းရဲပဲ သေချာသိမှာပါ။ လိုက်ထရပ်ကားကတော့ ခေါင်းပိုင်း တော်တော်လေးထိပြီး ကြေမွသွားတယ်။ လူနာတွေမနည်းဆွဲထုတ်ရတယ်။ နှစ်ယောက်လုံးကတော့ အထဲမှာပဲ သေဆုံးသွားတဲ့ အခြေအနေရှိတယ်။ တယောက်ကတော့ မှော်ဘီကလို့သိရတယ်။ နောက်တယောက်ကတော့ သေချာမသိရသေးဘူး ။ ” လို့ လှည်းကူးမြို့နယ် မီးသတ်ဌာနဦးစီးအရာရှိက ပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးသူတွေက ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်အမျိုးသားတို့ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ကြောင်း ၊ ရုပ်အလောင်းကို လှည်းကူးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ် ။
မတ် ၁၉ ရက်နေ့ညကလည်း ရန်ကုန်တိုင်း၊ သုဝဏ္ဏလမ်းဆုံမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၈ ရက်နေ့ကလည်း ရန်ကုန်မှော်ဘီမြို့နယ်၊ လှည်းငုပ်ချောင်းကျေးရွာ၊ GTC ကျောင်းရှေ့ ယာဉ်တိုက်မှုဖြစ်ပွါးပြီး ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၈ ရက်နေ့က ရန်ကုန်မှ နေပြည်တော်(အသွားလမ်း)၊ မိုင်တိုင်အမှတ်(၀/၃-၄)ကြား (၆လမ်းသွားခင်းထားသောနေရာ)မှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်က နောက်ကနေဝင်တိုက်မိပြီး ဆိုင်ကယ်ပေါ်က နှစ်ယောက်သေဆုံးကာ တယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၂၀ ရက်အတွင်း ယာဥ်မတော်တဆမှု ၂၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး ၁၁ ယောက်သေဆုံးကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ စာရင်းအရ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်ဌာန
