ပေါက်မြို့တောင်ပိုင်းက နှစ်ချီကြာ ရိက္ခာပို့မရတဲ့ ပြည်သူ့စစ်ရွာငါးရွာကို အစိုးရတပ်ရဲ့ ရိက္ခာပို့တဲ့ယာဥ်တန်း ရောက်ရှိ

ဧပြီ ၃ ၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း ၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ရိက္ခာဖြတ်တောက်ခံထားရတဲ့ ပြည်သူ့စစ်ရွာငါးရွာကို အစိုးရတပ်ရဲ့ ရိက္ခာပို့ယာဥ်တန်း ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ် ။
ပေါက်မြို့နယ်တောင်ပိုင်းက ပြည်သူ့စစ်ရွာတွေဖြစ်တဲ့ သစ်ချိုကုန်းရွာ၊ ဝံချုံးရွာ ၊ ပင်ထောင်ရွာ ၊ တပ်ကုန်းနဲ့ ကိုင်းလယ်ရွာတို့ ဖြစ်ပြီး ပင်ထောင်ရွာကို ဧပြီ ၁ ရက်နေ့မှာ ရိက္ခာပို့တဲ့ကားတွေ စတင်ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ပြည်သူ့စစ်ကျေးရွာငါးရွာကို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေက ဖြတ်လေးဖြတ်လုပ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခဲ့တာကြောင့် ဆန်၊ ဆား ၊ ဆေးဝါးအပါအဝင် ရိက္ခာတွေ ပြတ်တောက်ပြီး ဒုက္ခရောက်ခဲ့ကြရတယ်လို့ သိရပါတယ်။
” ရိက္ခာတွေပြတ် ၊ဆားတွေလည်းပြတ် နေတာပါ ။ ငပိ ၊ ဟင်းချိုမှုန့်ဆိုရင် ပြောစရာတောင်မရှိပါဘူး။ကျွန်မတို့ရွာမှာအခက်အခဲတွေ ဖြစ်နေတာ အမှန်ပါပဲ။ ပြည်သူ့စစ်ငါးရွာပါ ။အကုန်လုံးအခက်အခဲတွေဖြစ်နေတာပါ။ ဒါကြောင့်အခုလိုလာပြီး ထောက်ပံ့ပေးတာ အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်မတို့ရွာကိုအခုလို ယာဥ်တန်းကြီးမရောက်တာလေးနှစ်ရှိပြီး လမ်းပိတ်ထားတာလေးနှစ်ရှိပါပြီ။ အရမ်းကျေးဇူးတင်ပါတယ်။ ” လို့ ပင်ထောင်ရွာဒေသခံက ပြောဆိုပါတယ်။
အဆိုပါ ပြည်သူ့စစ်ကျေးရွာတွေကို ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် မိုင်းတွေကို ရှင်းလင်းခဲ့ရသလို ဖျက်ဆီးထားတဲ့ လမ်းတွေကိုလည်း ပြုပြင်ခဲ့ရပြီး စစ်ကြောင်းထိုးရှင်းလင်းမှုတွေလည်း ပြုလုပ်ခဲ့ရတယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူဆီကသိရပါတယ်။
” pdf တွေက တံတားတွေလည်း ချိုးတယ်။လမ်းတွေဖျက်တယ်။ ကိုက် ၁၀၀ လောက်အတွင်းမှာကို မိုင်း ၃၀ လောက်ထောင်ထားကြတယ် ။
ပြည်သူ့စစ်ရွာတွေကိုလည်း တရွာနဲ့တရွာ သွားလာ ကုန်သွယ်လို့ မရအောင်လုပ်တယ်။ အဲဒီရွာတွေက နှစ်ချီပြီ ခံခဲ့ရတယ်။ ဆားဓာတ်ချို့လို့ သေတာတွေလည်းရှိခဲ့တယ်။ တပ်မတော်ဘက်ကလည်း ပေးဆပ်ရတယ်။မိုင်းရှင်းရင်း စစ်သည်တယောက် ကျဆုံးခဲ့ရတယ်။ ” လို့ လုံခြုံရေးတပ်ဖွဲ့ နဲ့နီးစပ်သူက ပြောပါတယ်။
အဆိုပါ ပြည်သူ့စစ်ကျေးရွာတွေကို ရိက္ခာပို့ရန်ထွက်လာတဲ့ စစ်ကြောင်းကို မြေခြားကျေးရွာ၊ လယ်လမ်းကျေးရွာနဲ့ သရဖီကျေးရွာအကြားမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ ထုတ်ပြန်မှုအရသိရပါတယ်။
မတ်လ ၂၈ ရက်မှာလည်း အဆိုပါ ရိက္ခာပို့ရန်ထွက်လာတဲ့ ယာဉ်တန်း စစ်ကြောင်းကို လယ်လမ်းကျေးရွာနဲ့ သရဖီ ကျေးရွာ ကြားအရောက်မှာ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW