ဧပြီ ၁၈ ၊ ၂၀၂၆
GG (VOM)
သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်း ၊ မိုင်တိုင်အမှတ် (၁၀၄/၅) အနီးမှာ ဒီကနေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ခရီးသည်တင် မန္တလာ Express ကားနဲ့ ဘုန်းကြီးတွေလိုက်ပါလာတဲ့ light truck တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဘုန်းကြီး ၊ ကိုရင် ၊ လူ အပါအဝင် ၁၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
သေဆုံးတဲ့အထဲမှာ ဘုန်းကြီး ခုနှစ်ပါး ၊ ကိုရင် တပါး နဲ့ အမျိုးသားသုံးယောက်တို့ ဖြစ်ကြောင်း ကနဦး သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသားသုံးယောက်နဲ့ ဘုန်းကြီး ငါးပါးစုစုပေါင်း ရှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူထဲက သံဃာတပါးကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်နေပြီး ကျန်ဒဏ်ရာရရှိသူတွေကိုတော့ သထုံဆေးရုံကြီးမှာ ကုသမှုပေးနေတယ်လို့ သိရပါတယ်။
” လောလောဆယ် သေဆုံးသူက သံဃာ ၇ ပါး ၊ ကိုရင် တပါး ၊ အမျိုးသားသုံးယောက်ပါ ။ သံဃာ နှစ်ပါးက သထုံဆေးရုံကြီးရောက်မှ ထပ်ဆုံးလို့ ၁၁ ယောက်ဖြစ်သွားတာပါ။
ထိခိုက်ဒဏ်ရာ ရတဲ့အထဲမှာ လက်ကျိုး ခြေထောက်ကျိုး ခေါင်းကွဲတာ တွေပါတယ် ။ သထုံဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်။ ယာဥ်တိုက်မှုက ဘုန်းကြီးတွေလိုက်ပါလာတဲ့ကားက တက္ကစီကို ကျော်တက်လိုက်တာမှာ express ကားနဲ့တိုက်မိတာ ပါ။ ” လို့ မြေပြင်ကူညီကယ်ဆယ်ရေး သွားခဲ့တဲ့ အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရ ရှိသူတွေဟာ ဘုန်းကြီးကားပေါ်လိုက်ပါလာသူတွေဖြစ်ကြောင်းသိရှိရပြီး ပျံလွန်တော်မူတဲ့ ဘုန်းကြီးတွေကတော့ သထုံမြို့နယ်၊ ပေါ်တော်မူ ရွှေဟင်္သာညီနောင်ကျောင်းက ဖြစ်တယ်လို့ ကနဦး သိရပါတယ် ။
အဆိုပါ ယာဥ်တိုက်မှုကိုတော့ သထုံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေနဲ့အတူ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။
ဓာတ်ပုံ – အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေး
