ဧပြီ ၁၈ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်၊ အရှေ့တောင်ခြမ်းရှိ သလဲဘာ၊ ငွေတွင်းနဲ့ စပါးတွင်းရွာတွေမှာ ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်တာက လေယာဉ်နဲ့ရော၊ စက်တပ်လေထီးနဲ့ရော၊ ဒရုန်းတွေနဲ့ရော နေ့ရောညပါ ဆက်တိုက်ပဲ။ ဒီနေ့နဲ့ဆို ခြောက်ရက်မြောက် ရှိနေပြီပေါ့။ အရာတော်မြို့မှာရှိတဲ့ အစိုးရတပ်ထဲကနေလည်း လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပစ်ကူတာတွေရှိတယ်။ ကျေးရွာတွေထဲကျလို့ လူတွေ ထိခိုက်ကုန်တာလည်း ရှိတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကြောင့် ဆင်တလည်၊ ကဲဘာ၊ မင်းရွာ၊ နွားမသင်း အစရှိတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေး အရေးပေါ် တိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အရာတော်မြို့နဲ့ အနီးဝန်းကျင်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတာကြောင့် အရာတော် – ရွာသာကြီးလမ်းပိုင်း၊ အရာတော် – ထီးဆောင်းလမ်းပိုင်း၊ အရာတော်မြို့ အဝင်၊ အထွက် လမ်းပိုင်းတွေကို အသုံးပြုခြင်း ရပ်နားထားပေးကြဖို့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ခွန်လီကျေးရွာ အနီးဝန်းကျင်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့မှ အစိုးရတပ်နဲ့ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်တယ်လို့ သိရပြီး ဒေသတွင်း လက်နက်ကိုင် တပ်တွေက ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတယ်လို့ သိရပါတယ်။
“အစိုးရတပ်ဘက်ကလည်း ဖလမ်းကိုရဖို့ စစ်ကူတွေ အဆက်မပြတ်ပို့ပြီး ထိုးစစ်ဆင်နေတယ်။ ဒီ ဖလမ်းနယ်ထဲက ဝေဘူလမြို့ ဆုတောင်းတောင်မှာ အင်အားထပ်ဖြည့်ပြီး အခိုင်အမာ တပ်စွဲထားတယ်။ ဝေဘူလက လက်နက်ကိုင်တပ်တွေ စိုးမိုးထားတဲ့ နယ်မြေထဲမှာရှိတာ။ အခုဒါကိုလည်း အစိုးရတပ်က ပြန်ထိန်းနိုင်ဖို့ ကြိုးစားနေတာ” လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ဖလမ်းမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ကလေးမြို့ တောင်ပိုင်းရှိ GTC ကို အခြေပြုပြီး အင်အားအများအပြား စုစည်းကာ တပ်မ ၃၃ ၊ ၇၇ ၊ ၉၉ တို့မှ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ကလေး – သိုင်းငင်း – တီးတိန် – ဖလမ်းကားလမ်းနဲ့ ကလေး – နတ်ချောင်း – ဝေဘူလ – ဖလမ်း ကားလမ်းအတိုင်း ထိုးစစ်ဆင်နေခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီ စစ်ကြောင်းတွေဟာ လက်ရှိမှာ ဖလမ်းမြို့ထဲကို ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် မြို့အနီးတဝိုက်ကို ချဥ်းကပ်လာနိုင်တယ်လို့ သိရပြီး ဝေဘူလဘက်က တက်လာတဲ့စစ်ကြောင်းက မြို့နဲ့ ၇ မိုင်ခန့်အကွာ၊ အနောက်မြောက်ဘက်ရှိ ခွန်လီရွာကို ရောက်ရှိနေသလို သိုင်းငင်းဘက်က တက်လာတဲ့ စစ်ကြောင်းကတော့ မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာက ပါရ်သဲကျေးရွာအနီး ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
