သံတောင်ကြီးမှာ ထောင်နဲ့ချီတဲ့စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်နေ

ဧပြီ ၄ ၊ ၂၀၂၆
CKC (VOM)
ကရင်ပြည်နယ် ၊သံတောင်ကြီးမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ ဒေသခံ တထောင်ကျော်အတွက် အရေးပေါ် အကူအညီ တွေလိုအပ်နေတယ်လို့ သိရပါတယ် ။
စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိက စောင် ၊ခြင်ထောင် နဲ့ အဝတ်အထည်တွေ ၊ အမျိုးသမီး လစဥ်သုံးပစ္စည်း ၊ တကိုယ်ရေသုံးပစ္စည်း ၊ ဆေးဝါး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် စားနပ်ရိက္ခာ စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ် ။
” ခုရက်ပိုင်း လာပြီးလှူတာတွေလည်း ရှိပေမယ့် အကူအညီကလိုအပ်နေဆဲပါ။ လူဦးရေကများတော့ မလောက်ငှနိုင်ဘူး ။အဓိကတော့ ဆေးဝါးလည်းပါတယ်။ နောက် စောင် ခြင်ထောင်ပေါ့။ သွားတိုက်တံတွေ ၊ ဆပ်ပြာ ဘာညာပေါ့။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ လိပ်သိုမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ကျောင်း တွေမှာတင် ယာယီခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင် ၁၀၀၀ ကျော်ရှိပြီး ကျေးရွာဘက်တွေမှာလည်း စစ်ရှောင်နေရသူတွေ ရှိတယ်လို့သိရပါတယ်။
လတ်တလော အကူအညီပေးနိုင်မှုအနေနဲ့ဆိုရင် လိပ်သိုမြို့ပေါ်က စစ်ရှောင်တွေကိုသာ အကူအညီ ထောက်ပံ့မှုတချို့ လုပ်နိုင်တဲ့ အခြေအနေရှိပေမယ့်လည်း.လောက်ငှမှုမရှိကြောင်း ၊ ကျေးရွာဘက်ရှိ စစ်ရှောင်တွေဆိုရင် ကူညီနိုင်မှု မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။
” အခုက မြို့ပေါ်လောက်ပဲ ကူညီနိုင်တယ်။ ရွာဘက်တွေက လမ်းပန်းဆက်သွယ်ရေး လည်းမကောင်းတော့ မသွားနိုင်ဘူး ။.ကူညီနိုင်ဖို့ ခက်တဲ့ အခြေအနေကြောင့်ပါ ။အကူအညီတွေကတော့ လိုအပ်နေပါတယ်။ကျွန်တော်တို့က ဆန်၂၃အိတ်၊ ငပိအချိန် ၃၀ ၊ဆီသုံးဖာ နဲ့ ကုန်ခြောက် ၊ကုန်စိမ်းတွေလှူခဲ့ပါတယ်။ ” လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေး အသင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။
သံတောင်ကြီးမြို့မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဘုံတောင်ရွာ နဲ့ ဗဟန်း ရွာဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ၂၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။
အဲဒီဖြစ်စဥ် ဖြစ်ပွား အပြီးမှာ ဘုံတောင်၊ဗဟန်းအပါအဝင် သစ်အယ်တောင်၊ မဏ္ဍပ်တောင်၊ ရွာသစ်၊ညောင်ပင်တောင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ အရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ် ။
စစ်ဘေးရှောင်စဥ်မှာ ပြည်သူအများစုဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတာကြောင့် လက်ရှိ စစ်ရှောင်နေစဥ်ကာလအတွင်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ် ။
.
ဓာတ်ပုံ – ကိုကျော်သူရ

Related posts

Leave a Comment

VOM News

FREE
VIEW