မေ ၄၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းဘက် မေလ ၃ ရက်နေ့ည ကစ တိုက်ပွဲ ပြန်ဖြစ်ပွားလာပြီး ဒီနေ့ မေလ ၄ ရက်နေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲ ပိုပြင်းထန်လာကာ လက်နက်ကြီးကျည်ကျေရာက်လို့ လူ နှစ်ယောက် ထိမှန်လည်း ထိမှန် ဒဏ်ရာ ရထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လုံးခင်း ကုဋေရွာလမ်းဆုံမှာ လက်နက်ကြီးကျလို့ အမျိုးသား တယောက် ခြေထောက် ပြင်းပြင်းထန်ထန်ထိသွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီခွဲ ခန့်က ထိသွားတာဖြစ်ပြီး ခြေထောက်အရိုးကြေမွသွားကာ အရိုးအထူးကု၊ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆေးကုသမှု ခံယူရမှာဖြစ်ပေမယ့် တိုက်ပွဲအကြား ပို့ဆောင်ဖို့ ခက်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် လုံးခင်း။ လယ်ပြင်ရွာက နေအိမ်တအိမ်မှာလည်း ဒီမနက်ပိုင်း လက်နက်ကြီး ကျရောက်ထိမှန်ခဲ့လို့ ကလေးတယောက် မစိုးရိမ်ရ ဒဏ်ရာ ရရှိထားတာရှိတယ်လို့ သူက ထပ်မံ ပြောပြပါတယ်။
“တိုက်ပွဲက လုံးခင်းနဲ့ ကုဋမှော် ကြားမှာ ဖြစ်နေတာ။ ဖားကန့် – ကာမိုင်းလမ်းကိုတော့ အရင်လ ဧပြီ ၂၀ ကျော်လောက် ကတည်းက လမ်းပိတ်ထားတယ်။ KIA ဘက်ကတော့ စာထုတ်ထားတယ်။ စစ်တပ်ဘက်ကတော့ စာထုတ်ထားတာ မတွေ့ဘူး” လို့ လုံးခင်း ဒေသခံ တယောက်က ပြောပါတယ်။
သင်္ကြန် ပြီးကတည်းက အဲဒီ လုံးခင်းနဲ့ ကုဋေမှော်ကြား တိုက်ပွဲ ဖြစ်လာပြီး ၂ ရက်လောက် ငြိမ် နေရာက ယမန်နေ့ညကတည်းက တိုက်ပွဲ ပြန်စ ဖြစ်လာတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ လုံးခင်း ကျေးရွာအုပ်စု အနှံ့မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
