မေ ၄၊ ၂၀၂၆
Shy V (VOM)
နမ့်ခမ်းကို ပြည်မအစိုးရ ပြန်လည် ဝင်ရောက် အုပ်ချုပ်မှာ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ခမ်းကို စစ်တပ် ပြန်ဝင်မယ်လည်းကြားနေတာပဲ။ ဘာတွေမှန်းကိုမသိဘူး။ တရုတ်ဘက်က သူလိုချင်တဲ့ လမ်းကြောင်းမှာ စစ်တပ်ကို နေရာချလို့ရအောင် လုပ်နေတာ ဟုတ်လောက်မယ်ထင်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တရုတ်က BRI စီမံကိန်း ပြန်စဖို့ အပြင်းအထန်လုပ်နေပြီး ထွက်ပေါက် အမြန်ဆုံး ရှာနေတဲ့ပုံစံ ဖြစ်နေကာ အတင်းဖိအားပေးလုပ်နေတဲ့ အနေအထား တွေ့ရတယ်လို့ သူက ပြောပါတယ်။
BRI လမ်းကြောင်းဖြတ်မယ့်နေရာ နမ့်ခမ်းလည်း ပါဝင်နေတာတွေ့ရပြီး လက်ရှိ အနေအထားက တရုတ် အနေနဲ့ နမ့်ခမ်းမြို့ကို MNDAA ကို ထိန်းခိုင်းမလား၊ စစ်တပ်ကိုပဲ ထိမ်းခိုင်းမလား ဆိုတာ မပြောတတ်ဘူးလို့ သူက ထပ်ပြောပြပါတယ်။
“မုံးကိုးမှာလည်း စစ်တပ်က ပြန်ဝင်လာဖို့ ရှိတယ်လို့ ပညာရေး ဝန်ထမ်းတွေကို ပြောနေတယ်လို့ သိရတယ်” လို့ ဘော်ဒါဆောင် ဖွင့်တဲ့ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
သက်ဆိုင်ရာက အချိန် နည်းနည်းတော့ စောင့်ရမှာ ဖြစ်ကြောင်း ၁၀၂၇ စစ်ဆင်ရေး ငြိမ်သွားကတည်းက ပြောဖူးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အရှေ့မြောက် ကုန်သွယ်ရာ လမ်းတကြောနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ် – မြန်မာ နယ်စပ်နေရာ အများစုကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူတွေကို မူဆယ်မြို့ ကောင်းမူးတုံ ရပ်ကွက် ငွေဆင်အိမ်ယာမှာ ယာယီရုံး ဖွင့်လှစ်ထားပြီး အစိုးရ သစ်လက်ထက် ရက်(၁၀၀)စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေးနေကြောင်း ဧပြီလ ၂၇ ရက်နေ့က မူဆယ် ခရိုင် လဝက ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Photo Crd#
