ရန်ကုန်မှာ ယာဥ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေ ၊ လေးယောက်ဒဏ်ရာရ

မေ ၉ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၇)လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖြစ်စဥ်က မေ ၈ ရက်နေ့ ၊ည ၁၀ နာရီ ခွဲလောက်မှာ အိမ်စီးကားတစီးက အရှိန်များပြီး မီးရထားသံလမ်းကူး သံတံခါးကို ဝင်တိုက်မိရာကနေ ကားပေါ်ပါသူတွေထဲက အမျိုးသားနှစ်ယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ဒဏ်ရာရသူတွေက ခေါင်းပေါက်တာရှိတယ်။နောက်စေ့ပေါက်တာရှိတယ်။ လက်ကျိုးတာရှိတယ်။ ဒဏ်ရာရတာ အမျိုးသား လေးယောက်ပါ ။ သေဆုံးနှစ်ယောက်ပါ ။ကားကာ သူ့တစီးတည်း အရှိန်များပြီးဝင်တိုက်တာ။ ” လို့ မြို့နယ်မီးသတ် ဦးစီးအရာရှိကပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေထဲမှာ နှစ်ယောက်က မစိုးရိမ်ရပေမယ့် ကျန်နှစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပြီး အားလုံးကို မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မေ ၃ ရက်နေ့ကလည်း.မြောက်ဥက္ကလာပမြို့နယ် ၊ကျော်သူတံတားအဆင်းမှာ ကားတစီးက စက်ဘီးကို ဝင်တိုက်မိပြီး မိခင်ဖြစ်သူ အမျိုးသမီးသေဆုံးကာ အမျိုးသားလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW