ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးပြီး EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒ ရေးဆွဲနေ

မေ ၉ – ၂၀၂၆
SS (VOM)
ယာဉ်အို၊ ယာဉ်ဟောင်းတွေကို လမ်းပေါ်မောင်းရန် သင့်၊ မသင့် စိစစ်ကာ မောင်းရန်မသင့်ပါက ဖျက်သိမ်းစလစ် ထုတ်ပေးသွားဖို့ သက်ဆိုင်ရာဌာနက မော်တော်ယာဉ် ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒတွေ ရေးဆွဲနေတယ်လို့ ပြည်တွင်း ကားလုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု လျှော့ချဖို့နဲ့ လျှပ်စစ်ကား (EV) များပြားလာစေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်တမ်း ၂၀ နှစ်ကျော် (ဒါမှမဟုတ်) လမ်းပေါ်မောင်းရန် မသင့်လျော်တဲ့ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးကာ EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်ပကနေ EV အစီးလိုက်တင်သွင်းတဲ့ CBU (Completely Built-Up) ကုမ္ပဏီတွေကို ပါမစ် ထပ်ချမပေးတော့တာလည်း စလစ်သမားတွေအတွက် ချန်ထားတာလို့ ထင်ပါတယ်” လို့ ပြည်တွင်း ကားလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ယာဉ်အို/ဟောင်းတွေကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ စစ်ဆေးပြီး လမ်းပေါ်မှာ မောင်းနှင်ဖို့အတွက် စိတ်ချရမှု ရှိ/မရှိ၊ ယာဉ်အခြေအနေပေါ် မူတည်ကာ အပ်နှံရန် သင့်/မသင့် ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဒါနဲ့ပတ်သက်လို့ အစိုးရကို ပြောရမှာက ယာဉ်အသစ်တွေကို ထုတ်လုပ်နိုင်ငံဈေးနဲ့ အခွန် ၅၀ ရာခိုင်နှုန်းလောက် ဆောင်ခိုင်းပြီး တင်သွင်းခွင့်ပေးဖို့ပဲ။ ဒါဆို အင်ဂျင်ပါဝါ ၂.၀ အောက်နဲ့ EV အားလုံး သိန်း ၁၀၀၀ မကျော်ဘူး။ ပါမစ်လုပ်စားခွင့် ပေးနေရင်တော့ ပြည်သူ ဒုက္ခရောက်နေမှာပဲ။ ဘယ်သူမှ ကားအဟောင်း သိန်း ၁၀၀၀ ကျော် မစီးချင်ကြဘူး။ အသစ်ရရင် အဟောင်း အလိုလို ပစ်လိမ့်မယ်။ အသစ်၊ အဟောင်း လဲရအောင်လည်း စင်္ကာပူလို မြေမရှိတဲ့ နိုင်ငံမဟုတ်ဘူး” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နောက်ထပ် ကားလုပ်ငန်းရှင် တယောက်ကတော့ အရည်ကြို မဖျက်ဘဲ ရှေးဟောင်း၊ ကားဟောင်းတွေ လိုင်စင်ဝင်နိုင်ပါက ဆက်လက် စီးနိုင်မှာဖြစ်ပြီး ၂၀၀၀ model အောက်ကားတွေကို အပ်လိုက အပ်နိုင်ကာ EV ကို Bus,Taxi,EV (2030) စသဖြင့် အစားထိုးသွင်းခွင့် ရနိုင်ခြေများတယ်လို့ ပြောပါတယ်။
လုပ်ငန်းရှင် တယောက်ကလည်း “အထင်နဲ့ပြောရရင် အရင်လို ပြန်လုပ်မယ်လို့ထင်တယ်။ အရည်ကြို အပ်ကားတွေ စ လက်ခံတယ်။ ပြီးတော့ အပ်ကား နည်းနည်း လာတော့ Free Permit ဆိုပြီး ထုတ်ရောင်းတယ်။ အရည်ကြို မလိုတော့ဘူး။ အခုလည်း ၂၀၀၀ မော်ဒယ်လ်ကားတွေ အပ်ချင်ရင် အပ်၊ မအပ်ချင်ရင် Free Permit နဲ့ သွင်းဆိုတဲ့ ပုံစံမျိုး လုပ်လိုက်ရင်တော့ ဝယ်/ရောင်း အကုန် ပက်လက်လန်ပြီပဲ။ ဘာပဲဖြစ်ဖြစ် ဈေးကွက်တခု ထိန်းပြီးသားဖြစ်သွားမယ်။ ဂျပန် ကား မော်ဒယ်လ်အမြင့်တွေ သွင်းခွင့်ပေးရင် ပိုပျော်တာပေါ့” လို့ ပြောပါတယ်။
ဆီသုံးစွဲမှု လျှော့ချနိုင်ဖို့ စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းတွေ အပ်နှံပြီး EV ကားတွေ ပြန်လည်တင်သွင်းတဲ့ စနစ်ကို ဆောင်ရွက်သွားဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ “စက်သုံးဆီ‌များ ဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး” အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း ကားလုပ်ငန်းရှင်တွေကတော့ မော်တော်ယာဉ် ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထုတ်ပြန်လာတဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်း အချက်အလက်တွေကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW