လုံးခင်းမှာ နေအိမ်ပေါ် ဒရုန်းဗုံးပေါက်ကွဲလို့ အမျိုးသမီးသုံးယောက် သေဆုံး

မေ ၁၇ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ ဒီကနေ့ မေ ၁၇ ရက်နေ့ ၊နေ့လယ် ၁၂ နာရီကျော်လောက်က ဒရုန်းဗုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးသုံးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
နေအိမ်ပေါ်ကို ဒရုန်းဗုံး ကျရောက်ခဲ့တာကြောင့် မီးလောင်ခဲ့ပြီး အမျိုးသမီးတယောက်က မီးလောင်သေဆုံးပြီး ကျန်နှစ်ယောက်ကတော့ လက်နက်စထိမှန်လို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ဒရုန်းဗုံးက အိမ်ပေါ်တည့်တည့်ကျတာ ။ လက်နက်ကျပြီး မီးလောင်တာက ၁ နာရီလောက်ကြာမှငြိမ်းနိုင်တယ်။ မီးသတ်ကားကလည်း နည်းတယ်လေ ။ မီးငြိမ်းတော့ မီးလောင်တဲ့အထဲမှာ အသက် ၂၀ အရွယ် ကောင်မလေးအလောင်းတွေ့တယ် ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ ဒေသခံတယောက်က ပြောပါတယ်။
ဒရုန်းဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေကတော့ မျိုးသမီး အသက် ၇၂ နှစ်အရွယ် ဒေါ်ပုံ၊အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်း ဆိုသူနဲ့ အသက်၂၀ အရွယ် မမော်မော်စိန် ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်ဒေသ ၊လုံးခင်းကျေးရွာ ၊မှော်စီဆာ ၊ ကုဋေရွာ ၊ ဆန်ခါ ဘက်တွေမှာ အစိုးရတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမယ့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ၊ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုတွေကတော့ ရှိနေတယ်လို့ သိရပါတယ် ။
” တိုက်ပွဲက မရှိဘူး ငြိမ်နေတယ် ။ အရင်တကြော လေယာဥ်နဲ့လာပစ်ပြီးကတည်းက မရှိဘူး ငြိမ်နေတာ ။ လက်နက်ကြီးပစ်တာရှိတယ်။ဒရုန်းဗုံးရှိတယ်။ စစ်တပ်ကတော့ လုံးခင်းရွာမကို ထိန်းချုပ်ထားတယ်။ဆန်ခါ ၊ ကုဋေရွာ ၊ အောင်သာယာ တို့အဲဒီဘက်တွေက မထိန်းချုပ်နိုင်သေးဘူး ။ “လို့ လုံးခင်းဒေသခံက ပြောပါတယ် ။
အရင်ရက်တွေကလည်း မှော်စီဆာအပါအဝင် နေရာတချို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနဲ့ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဖားကန့်လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW