ဇွန် ၂၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်နေရာမှာ အလောင်းတလောင်း ထပ်မံတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူဦးရေမှာလည်း ရာချီရှိလာတယ်လို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေရာမှာ မနေ့က အလောင်းရုပ်မပေါ်တော့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပုံလိုက်တွေ့ရှိခဲ့ရပြီး ယမန်နေ့ မှာတော့ ဘက်ဟိုးအသုံးပြု ရှင်းလင်းရေးလုပ်ငန်းအတွင်း အလောင်းတလောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်သူတယောက်က VOM ကို ပြောပါတယ်။
“မနေ့က အလောင်းတလောင်းတွေ့တယ်။ ဒီနေ့မနက် ဘက်ဟိုးနဲ့ ရှင်းလင်းနေတုန်း အလောင်းတလောင်း ထပ်တွေ့တယ်” လို့ သူက ပြောပါတယ်။
ဖြစ်စဉ် ဖြစ်ပွားတဲ့ မေလ ၃၁ ရက်နေ့ တရက်ထဲ ကလေး ၆ ယောက် အပါအဝင် သေဆုံးအလောင်း ၄၆ ယောက်ရှိခဲ့ပြီး ဒီနေ့ ထပ်တွေ့ အလောင်း ၂ လောင်း နဲ့ဆိုရင် သေဆုံးသူ ၄၈ ယောက် ရှိပြီလို့ သူက ပြောပါတယ်။ ဆေးရုံ တက်သူ ဒဏ်ရာရလူနာ ၇၄ ယောက် ရှိတယ်လို့ ဆိုပါတယ်။
မြေပြင်မှာ တွေ့နေရတဲ့ စာရင်းနဲ့ ထုတ်ပြန်ထားတဲ့ စာရင်းက နည်းနည်း ကွာနေတာတော့ ရှိတယ်လို့ ဆိုပါတယ်။
ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှာတော့ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ် အပိုင်းအစ တွေ အများအပြား ကောက်ရပေမယ့် အလောင်း ရေတွက်လို့ မရတဲ့ အနေအထား ဖြစ်တယ်လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
လက်ရှိအချိန်ထိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ဆက်လက်ရှင်းလင်းနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် သေဆုံး စာရင်း အတိအကျ မသိနိုင်သေးပဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေကေတာ့ မိုးရံာကင် အမိုးအကာမလုံလောက်ပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စားသောက်ရေးကိုတော့ အနီးပတ်ဝန်းကျင် ရပ်ကွက်တွေက ကူညီပေးနေကြပေမယ့် ရေရှည်အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူအများအပြားကို နမ့်ခမ်းဆေးရုံမှာ ကုသပေးနေပြီး လူနာအသစ်တွေ ဆက်လက်ရောက်ရှိနေသလို ဆေးရုံဆင်းခွင့်ရသူတွေလည်း ရှိနေတယ်လို့ လူနာမိသားစုဝင်တဦးက ပြောပါတယ်။
“လောလောဆယ် ဆေးကုသစရိတ် ပေးစရာမလိုသေးဘူး။ ဖြစ်စဉ်ကို တာဝန်ယူထားတဲ့ဘက်က ဆောင်ရွက်ပေးနေတယ်။ ဒီနေ့အထိ ဆေးဖိုးတစုံတရာ မတောင်းသေးဘူး” လို့ သူက ပြောပါတယ်။
PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနရဲ့ ဇွန် ၁ ရက် ည ၇ နာရီအထိ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁၂ ဦး ရှိတယ်လို့ ဖော်ပြထားပြီး ကယ်ဆယ်ရေးနဲ့ စာရင်းကောက်ယူရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထည့်သွင်းပြောကြားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သလို ဒဏ်ရာရရှိခဲ့တဲ့ တရုတ်နိုင်ငံသားတဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
အဆိုပါ ပေါက်ကွဲမှုဟာ မေလ ၃၁ ရက်က ကောင်းတပ်ကျေးရွာအတွင်း မိုင်းတွင်းလုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲရာကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
Photo Crd# NSTh
