ခင်ဦး၊ သရက်ချောင်း၊ မင်းတပ်၊ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့တွေမှာ လေကြောင်း၊ လက်နက်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ

ဇွန် ၂ – ၂၀၂၆
SN (VOM)
ခင်ဦး၊ သရက်ချောင်း၊ မင်းတပ်၊ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့တွေမှာ မနေ့ ဇွန် ၁ ရက်နေ့၊ တရက်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာမှာ မနေ့ ည ၉ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် နေရာမှာတင် သေဆုံးခဲ့ကာ ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ် နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာပါ။ ညဘက်ဆိုတော့ ချက်ချင်း ရှောင်တိမ်းဖို့ မလွယ်တော့ လူ‌တွေထိကုန်တာ။ နေအိမ်၊ အဆောက်အအုံ ပျက်စီးတာတွေလည်း ရှိတယ်။ စာရင်း အသေးစိတ်ကိုတော့ မသိရသေးဘူး။ ရခိုင်ပြည်မှာက ခုရက်ထဲ လေကြောင်းရန်က စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်။ ခုနောက်ပိုင်း လေယာဉ်တွေက လာရင်လည်း အစုလိုက် လာကြတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးခဲ့သလို မေ ၂၈ ရက်ကလည်း ရမ်းဗြဲ – ကျောက်ဖြူအစပ်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ခုနစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာလည်း မနေ့ ညနေ ၅ နာရီ၊ ၁၁ မိနစ်ဝန်းကျင်က လက်နက်ကြီး လေးကြိမ် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး သင်းကျွန်းရွာကွက်သစ်၊ အုတ်ဖိုအနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အိမ်ပေါ်တည့်တည့် ကျတာ။ နှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးသေတယ်။ တယောက်ကတော့ ဆေးရုံသွားတဲ့လမ်းမှာ သွေးထွက်လွန်ပြီး ဆုံးသွားတာပါ။ လောလောဆယ် ဒီဘက်မှာ အစိုးရတပ် စစ်ကြောင်းတွေ တရွာဝင်၊ တရွာထွက်နဲ့ စစ်ရေး လှုပ်ရှားနေတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ထားဝယ်မြို့ကနေ ထွက်လာတဲ့ အင်အား အများအပြားပါ၊ အစိုးရတပ် စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။
မနေ့ ဇွန် ၁ ရက်မှာ အဲဒီစစ်ကြောင်းဟာ ကင်းရှေ့ရွာကနေ ထွက်ခွာလာပြီး ဆေးဖြတ်ကုန်းကျေးရွာနဲ့ ပြင်ကွက်သားကျေးရွာတွေအပြင် အနီးဝန်းကျင်က ကျေးရွာတွေမှာ နယ်‌မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာမြို့ဟောင်းမှာလည်း မနေ့ နေ့လယ် ၁၂ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးပြီး သာသနိကအဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒရုန်း လေးစီးနဲ့ တိုက်ခိုက်မှု ဖြစ်သွားတာ။ မြို့ဟောင်းမှာရှိတဲ့ ရွှေလင်းပင်စံကျောင်းထဲက ဆွမ်းစားဆောင်ပေါ်ကျတယ်။ နှစ်ယောက်စလုံး ပွဲချင်းပြီး သေတယ်။ ကျောင်းတိုက်ထဲက ရှေးဟောင်း စေတီတွေလည်း ပျက်စီးသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ် (အရှေ့ခြမ်း) ရွာဇင်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးခဲ့ပြီး ခုနစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် အလုံး ၂၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ ဇွန် ၁ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှာ မနက် ၉ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သလို တောင်ကုတ် – မအီ – ရမ်းဗြဲကားလမ်းအနီးရှိ ကုလားပုန်းတောင်နဲ့ ရမ်းသစ်ကြီးကျေးရွာကြားက နေရာတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လူထိခိုက်မှု ရှိ၊ မရှိကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း မနေ့ မနက် ၆ နာရီမှစတင်ကာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အဲဒီ ဖြစ်စဉ်အတွင်း ထိခိုက်၊ ပျက်စီးမှုအခြေအနေတွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာ အစိုးရတပ်တွေဟာ မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW