ဇွန် ၇ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေနဲ့အတူ ကားနှစ်စီးရေနဲ့မျောပါပြီး တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားတွေစာသင်ပြပေးတဲ့ ဝါရင့်ဆရာကြီးဦးဝင်းမော် သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
မနေ့က ဇွန် ၅ ရက်နေ့ ည ၈ နာရီ ကျော်လောက်မှာ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ရွာချောင်းအတွင်းကို ကားနဲ့ဖြတ်မောင်းရာကနေ ကားကရေစီးနဲ့မျှောပါသွားပြီး ဒီကနေ့ ဇွန် ၆ ရက်နေ့မနက်ပိုင်းမှာ ကားနဲ့ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာကြီးဦးဝင်မော် သေဆုံးမှုနဲ့ပတ်သက်ပြီး ရင်းနှီးသူတယောက်က ” မနေ့ညက နတ်မောက်မှာ မိုးသည်းထန်စွာရွာတယ်။ ဆရာကြီးက မကွေးကနေ နတ်မောက်ကိုအပြန် တခွန်တိုင်ချောင်းရေကြီးမှုမှာ ရေစီးနဲ့အတူ ကားရောလူပါမျောသွားတာ ။ အလောင်းကို ဒီမနက် မှဆယ်ယူရရှိတာပါ ။ ဆရာမော်က ကျူရှင်ဘော်ဒါဆရာ၊ လုပ်ဖော်ကိုင်ဖက်တွေပါ။ သူ့ကျောင်းကျွန်တော် သွားသင် ကျွန်တော့် ကျောင်းသူလာသင်ပေါ့ဗျာ။ တက္ကသိုလ်ဝင်တန်းတွေသင်တာပါ ။ ” လို့ ပြောပြပါတယ်။
ရေနစ်သေဆုံး ခဲ့ရတဲ့ ဆရာကြီးဦးဝင်းမော်ဟာ အသက် ၇၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကိုတော့ ဇွန် ၆ ရက်နေ့က သဂြိုလ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
အလားတူ အဲဒီ ၅ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ ကျော်လောက်မှာ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာ ၊ ဇဗ္ဗူထွန်းဆီဆိုင်အနီးရှိ ချောင်းရိုးထဲ ကားတစီး မျောပါသွားခဲ့ပြီး အဲဒီဖြစ်စဥ် မှာတော့ လူထိခိုက် ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့ သိရပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းကလည မကွေးတိုင်း ၊ နတ်မောက်မြို့နယ်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးသောရေကြီးမှု ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ရေစီးနဲ့မျောပါကာ မိသားစုလိုက် ခြောက်ယောက်လုံးသေဆုံးတဲ့အထိ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် နတ်မောက်မြို့နယ်အတွင်းစိုက်ပျိုးထားတဲ့ စပါးစိုက်ခင်း ၊ဝါ ၊ နှမ်းကြီး ၊နေကြာ၊ ပဲနောက် စတဲ့နောက်ကျစိုက်ပျိုးတဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – မီးသတ်
