အခေါက်ရွှေဈေး ကျပ် သိန်း ၁၀၀ အောက် ပြန်ဆင်း

ဇွန် ၆ – ၂၀၂၆
SN (VOM)
ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်းက အခေါက်ရွှေဈေးဟာလည်း ဒီကနေ့ ဇွန် ၆ ရက်မှာ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၄၈၅ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ ဇွန် ၆ ရက်အထိ လေးရက်အတွင်း ဒေါ်လာ ၁၆၀ နီးပါး အကျရှိခဲ့တာကို တွေ့ရပါတယ်။
အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း လိုက်ပါ ကျဆင်းလာတာမှာ လေးရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“အဓိက က ကမ္ဘာ့ရွှေဈေးတွေ တအားထိုးကျသွားတာကြောင့်ပါ။ ဒီမှာလည်း သိန်း ၁၀၀ အောက်ကို သုံးသောင်းလောက် လျော့သွားတယ်။ တခြား ထူးခြားချက်တော့ မရှိဘူး။ ကမ္ဘာ့ရွှေဈေးကျတဲ့ တချက်နဲ့ပဲ ပြည်တွင်းရွှေဈေး ကျသွားတာ။ ရွှေဈေး သိန်း ၁၀၀၊ သိန်း ၁၀၀ ကျော်ပြီးနောက်ပိုင်း ဒီလို သိန်း ၁၀၀ အောက်ရောက်တာ၊ ဒါ ဒုတိယအကြိမ်လို့ ပြောလို့ရတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကမ္ဘာ့ရွှေ တအောင်စ ဒေါ်လာ ၄၆၆၈ ဝန်းကျင်အထိ မြင့်တက်မှုနဲ့အတူ ကျပ် သိန်း ၁၀၀ ကျော်ကို စတင် ရောက်ရှိခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေ တအောင်စ ၄၉၉၆ ဒေါ်လာဝန်းကျင်ကို ကျဆင်းခဲ့တဲ့အတွက် အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်း သုံးသောင်းဝန်းကျင်နဲ့ ကျပ် သိန်း ၁၀၀ အောက်ကို ပထမအကြိမ် ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။
“အရင်တခေါက် သိန်း ၁၀၀ အောက် ဆင်းတုန်းက အဲဒီ တရက်လေးပဲ၊ နာရီပိုင်းလေးပဲကြာတယ်၊ ချက်ချင်းပြန်တက်တာ။ ဒီတခေါက်တော့ ကမ္ဘာ့ရွှေဈေးကျတာ နည်းနည်းလေး ကြာသလို ဖြစ်နေတယ်။ ဘယ်တော့ ပြန်တက်မလဲတော့ မသိသေးဘူး။ လက်ရှိ အရောင်းအဝယ် အခြေအနေကလည်း လက်လီရော၊ လက်ကားရော၊ အတုံးဈေးကွက်ရော အေးနေဆဲပါပဲ” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။
ဒါအပြင် မှောင်ခိုဈေးကွက်အတွင်းမှာလည်း ရန်ကုန်တိုင်း ရွှေအသင်း (YGEA) ရဲ့ သတ်မှတ်ဈေးအတိုင်း ရောင်းဝယ်လို့မရတဲ့အတွက် အရောင်းအဝယ် အနည်းအကျဥ်းလောက်သာ ဖြစ်နေပြီး အတုံး တရားဝင် ရောင်းဝယ်ကြတဲ့ ရွှေဆိုင်ကြီးတွေက လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေး ကျဆင်းလာရခြင်းမှာ အဓိကအားဖြင့် အမေရိကန်နိုင်ငံအတွင်း လုပ်သားဈေးကွက် အားကောင်းလာခြင်းကြောင့်ဖြစ်ပြီး အမေရိကန် ဗဟိုဘဏ် (Fed) အနေနဲ့ အတိုးနှုန်းကို လျှော့ချခြင်းမပြုဘဲ ဆက်လက် မြှင့်တင်နိုင်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
“မနေ့ ဇွန် ၅ ရက်၊ ည ၇ နာရီအချိန်က ထွက်ရှိခဲ့တဲ့ US Non-Farm Payrolls (NFP) ဒေတာ သက်ရောက်မှုကြောင့် အမေရိကန်မှာ ခန့်မှန်းထားတာထက် အလုပ်အကိုင်သစ်တွေ ပိုပြီး ကောင်းမွန်လာတယ်။ ဒါက အမေရိကန်ဒေါ်လာနဲ့ ငွေချေးသက်သေခံလက်မှတ် (Treasury yields) တွေကို မြင့်တက်စေခဲ့တဲ့အတွက် ရွှေစျေးကို တရက်အတွင်း ဒေါ်လာ ၁၅၀ ကျော်အထိ အရှိန်ပြင်းပြင်းနဲ့ ကျဆင်းစေခဲ့တယ်” လို့ ရွှေဈေးကွက် ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
ဒါအပြင် ထိုင်းရွှေဈေးကွက်အတွင်းမှာလည်း ထိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ ဇွန် ၆ ရက်၊ မနက်ပိုင်း ထုတ်ပြန်တဲ့ နောက်ဆုံးဈေးနှုန်းအရ ရွှေဈေးဟာ မနေ့ကဈေးပိတ်ချိန်နဲ့ နှိုင်းယှဉ်ပါက ဘတ် ၁,၄၅၀ အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပြီး လက်ရှိမှာ ရွှေထည် (အလှဆင်ရွှေ) ရောင်းဈေးဟာ ခြောက်သောင်းရှစ်ထောင် သုံးရာဘတ်ရှိနေပြီး ရွှေချောင်း (Gold Bar) ရောင်းဈေးကတော့ 67,500 ခြောက်သောင်းခုနစ်ထောင် ငါးရာဘတ်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW