ဇွန် ၆၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို MNDAA က အစိုးရထံ ပြန်လည်အပ်နှံတော့မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်နေပေမယ့် မြေပြင်မှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု တစုံတစ်ရာ မတွေ့ရသေးဘူးလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ကွတ်ခိုင်ကို ပြန်ဝင်လာနေပြီ၊ အစိုးရကျောင်းတွေ ပြန်ဖွင့်တော့မယ်၊ အဲဒီနောက် မြို့ကို အစိုးရထံ ပြန်အပ်မယ်ဆိုတဲ့ သတင်းတွေ ပါဝင်နေပါတယ်။
ဒါပေမယ့် ကွတ်ခိုင်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းပြ ဆရာမတဦးကတော့ အခုအချိန်ထိ ကျောင်းပြန်ဖွင့်ဖို့ တရားဝင်ညွှန်ကြားချက် မရသေးဘူးလို့ ပြောပါတယ်။
“ကွတ်ခိုင်မှာ ကျောင်းဖွင့်ခိုင်းမယ်လို့တော့ အသံထွက်နေတာရှိတယ်။ ဒါပေမယ့် ကျွန်မတို့ဆီကို ဘာအကြောင်းကြားစာမှ မဝင်သေးဘူး။ အခုလည်း မူဆယ်မှာ တွဲထားတဲ့ အစိုးရကျောင်းမှာပဲ တာဝန်ထမ်းနေရတယ်။ အဆင်သင့်ပြင်ထားဖို့တော့ ပြောထားတယ်။ ဒါပေမယ့် စစ်တပ် မဝင်သေးဘဲနဲ့တော့ ပြန်ဝင်လို့ ရမယ်မထင်ဘူး” လို့ သူက ပြောပါတယ်။
MNDAA က ဖယ်ပေးသွားတာမျိုး မဟုတ်ရင် ဘယ်လိုမှဝင်ဖို့ မဖြစ်နိုင်သေးသလို ဝက်ရမယ်ဆိုရက် ဌာနဆိုက်ရာတွေအားလုံး တပြိုင်ထဲ ဝင်ရတာမျိူပဲ ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။
မြို့တွင်းမှာတော့ MNDAA ဘက်က ဈေးသစ်တည်ဆောက်ဖို့ ပြင်ဆင်နေတာ၊ တရုတ်စာ ဆိုင်းဘုတ်တွေ တိုးလာတာမျိုးတွေကို တွေ့နေရပြီး မြို့ပြင်ပိုင်း နွားခြံဘက်မှာ KTV လုပ်ငန်းအကြီးစားတစ်ခု ဆောက်လုပ်နေတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း မြို့အခြေအနေဟာ နဂိုအတိုင်းသာ ရှိနေပြီး အစိုးရပြန်ဝင်လာမယ့် လက္ခဏာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
“ကွတ်ခိုင်က နဂိုအတိုင်းပါပဲ။ MNDAA က ကျောင်းတွေဖွင့်တယ်ဆိုတာမျိုးလည်း မဟုတ်ဘူး။ အရင်ကတည်းက ဖွင့်နေတဲ့ ဘုရားကျောင်းအခြေပြုကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေကတော့ ပုံမှန်ဖွင့်နေတယ်” လို့ သူက ပြောပါတယ်။
TNLA ထိန်းချုပ်စဉ်က တအာင်းပညာရေးကွန်ရက် TLEC ကျောင်းတွေဟာ ဒီအချိန်ဆို ကျောင်းအပ်လက်ခံပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အဲဒီလို လှုပ်ရှားမှုမျိုး မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။
“MNDAA ဘက်က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွေ ဖွင့်ဖို့တော့ ပြင်ဆင်နေပုံရတယ်။ ဒါပေမယ့် ကျောင်းတွေမှာ အခုထိ တခြားထူးခြားတဲ့ လှုပ်ရှားမှုတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။
အရင်ကတည်းက ရှိတဲ့ တရုတ်စာသင်ကျောင်းတွေကတော့ မနက်ပိုင်း တရုတ်စာ သင်ကြားနေပြီး ညနေပိုင်းမှာ မြန်မာစာသင်လိုသူတွေအတွက် သီးခြားအချိန်ခွဲထားတာသာ ရှိတယ်လို့ သူက ပြောပါတယ်။
“အရင်တုန်းက တရုတ်ကျောင်းက မနက်၊ ညနေ နှစ်ပိုင်းသင်တာရှိတယ်။ အခုတော့ မနက်ပိုင်းပဲ သင်တယ်။ ညနေပိုင်းက မြန်မာစာ သင်ချင်တဲ့သူတွေ အတွက် ထားပေးတာမျိုး ဖြစ်မယ်ထင်တယ်” လို့ သူက ရှင်းပြပါတယ်။
အစိုးရဝန်ထမ်းတွေ မြို့ထဲ ပြန်ဝင်လာတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း သူက “ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဝင်လာတာတော့ မတွေ့ရဘူး။ ဒေသခံဝန်ထမ်းတချို့ နေရပ်ပြန်လာတာကိုပဲ အဲဒီလို သတင်းထွက်တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြို့တွင်းရှိ ဆေးရုံဆိုင်းဘုတ်ကို တရုတ်စာနဲ့ ပြောင်းလဲရေးသားထားပြီး TNLA လက်ထက်က တအာင်းစာ ရေးထားတဲ့ ဆိုင်းဘုတ်တချို့ကို ဆေးသုတ်ဖုံးအုပ်ထားတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူ တစ်ဦးကတော့ ကွတ်ခိုင်ကို အစိုးရထံ ပြန်အပ်မယ်ဆိုတဲ့ သတင်းဟာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“ကွတ်ခိုင်ကို ပြန်ပေးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အခု MNDAA က သူတို့ထိန်းချုပ်နယ်မြေ ချဲ့ထွင်နေတာပဲ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့နယ် ပတ်ဝန်းကျင်မှာတောင် အရင်က TNLA နေရာယူထားခဲ့တဲ့ နေရာတချို့ကို MNDAA က အစားထိုးဝင်ရောက် ထိန်းချုပ်လာပြီး နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြား လမ်းပိုင်းတချို့မှာလည်း MNDAA တပ်ဖွဲ့တွေ နေရာယူထားတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့ဟာ ၂၀၂၆ ခုနှစ် မတ်လအတွင်း TNLA နဲ့ MNDAA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် MNDAA က TNLA ထံမှ ပြန်လည်သိမ်းယူ ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပညာရေးကော်မတီ ဖွဲ့စည်းပြီး စာသင်ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နေကြောင်း ထုတ်ပြန်ထားသလို မြို့အတွင်း အုပ်ချုပ်ရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။
ဒါကြောင့် လက်ရှိ မြေပြင်အခြေအနေအရ ကွတ်ခိုင်မြို့ကို အစိုးရထံ မကြာခင် ပြန်လည်အပ်နှံတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြို့တွင်းမှာတော့ အဲဒီသတင်းကို အတည်ပြုနိုင်မယ့် ထူးခြားတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘဲ MNDAA ရဲ့ အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd#
