အမြန်လမ်းမှာ ခရီးသည်တင်Expressကားသုံးစီးအပါအဝင် ယာဥ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပြီး လူကိုးယောက်ဒဏ်ရာရ

ဇွန် ၇ ၊ ၂၀၂၆
GG (VOM)
နေပြည်တော်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)အနီးမှာ ခရီးသည်တင် Express ကားတွေအပါအဝင် ယာဥ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားပြီး လူကိုးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ဇွန် ၆ ရက်နေ့ ၊ ည ၉ နာရီခွဲလောက်မှာ ယာဥ်ဆင့်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ကောင်းမြတ်မန်း ခရီးသည် Express ၊ သိန်းသန်းကုဋေ Express နဲ့ ဇေယျာမြိုင်ကြီး Express ၊ Toyota Alphart အဖြူရောင်၊ Toyota Harrier အဖြူရောင်ကားနဲ့ Isuzu အဖြူရောင်ကားတို့ ယာဥ်ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
” မိုးလည်းနည်းနည်းရွာနေတယ်၊ အရှိန်ကလည်းများပြီး ယာဥ်ဆင့်တိုက်မှုဖြစ်တာပါ။ ကောင်းမြတ်မန်း ခရီးသည်တင်ကားက အရင်ဆုံး Guard Rail တန်းကိုဝင်တိုက်ပြီး ကန့်လန့်ဖြတ်အနေအထားနဲ့ ရပ်သွားတယ်။ အဲဒါကို မြေသားလမ်းပေါ်ဆွဲချနေချိန် ပေ ၁၅၀ လောက်အကွာက အမြန်ယာဥ်ကြောနဲ့အနှေးယာဥ်ကြောမှာ ရပ်ထားတဲ့ Alphart ကား၊ အိမ်စီးကား ၊ကုန်ကားကို ဇေယျာမြိုင်ကြီးကားနဲသိန်းသန်းကုဋေကားက ထပ်ဆင့်ဝင်တိုက်မိပြီး ထိခိုက်ဒဏ်ရာ ရကြတာပါ။ ဇေယျာမြိုင်ကြီးကားက ယာဥ်မောင်း ညပ်နေလို့ ဆွဲထုတ်ရတယ်။ ” လို့ ပန်းတင်အမြန်လမ်းမီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးဇော်ထက်က ပြောပါတယ်။
ယာဥ်ဆင့်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေက ဇေယျာမြိုင်ကြီး Express ကားပေါ်က ယာဥ်မောင်းနဲ့ ခရီးသည်အပါအဝင် ရှစ်ယောက် ၊ သိန်းသန်းကုဋေ Express ကအမျိုးသမီးတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
ထိခိုက်ဒဏ်ရာ ရရှိသူအားလုံးကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ သုခဒါနလူမှုကူညီရေးအသင်းတို့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မေ ၂၅ ရက်နေ့ကလည်း.ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆) နဲ့ (၃၃၃/၇)ကြားမှာ အိမ်စီးကားတစီးတိမ်းမှောက်ပြီး အမျိုးသမီး နှစ်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ် တပ်ဖွဲ့က သိရပါတယ်။
အမြန်လမ်းမမှာ ယာဥ်မတော်တဆ ဖြစ်ပွားမှုအနေနဲ့ဆိုရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဧပြီလကုန်အထိမှာ ယာဉ်မတော်တဆမှု ၅၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၃၂ ယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၃ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်မတော်တဆမှု အများစုက ယာဥ်မောင်း အိပ်ငိုက်ပြီး မောင်းနှင်ရာကနေ ဖြစ်ပွားခြင်း ၊ သတ်မှတ်မိုင်နူန်းထက် အရှိန်ပိုများပြီးမောင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW