နန့်စီးအောင်မှာ လိုင်စင်မဲ့ကားတွေ တင်းတင်းကျပ်ကျပ် ဖမ်းဆီး

ဇွန် ၁၁၊၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ လိုင်စင်မဲ့ (W) ကားတွေနဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးနေတာကြောင့် အဲဒီယာဉ်တွေနဲ့ အသက် မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ယာဉ်လုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းထံက သိရပါတယ်။
နန့်စီးအောင်ဂိတ်ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အစပ်၊ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ အဓိက ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်အဝင်အထွက် ကုန်စည်စီးဆင်းမှုနဲ့ ခရီးသည်ပို့ဆောင်ရေးအတွက် အရေးပါတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
“ဒီလိုပါ၊ တိုင်းမှာ တိုင်း Pass ပေးထားတဲ့ကားတွေက တရားဝင် ဖြတ်သန်းခွင့်ရှိပါတယ်။ ဒါပေမယ့် Pass တစီးတင်ပြီး ကားဆယ်စီး၊ ဆယ့်ငါးစီးလောက် အတူသွားနေကြတာတွေ ရှိတယ်။” လို့ ကုန်တင်ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။
အဲဒီလမ်းပြေးနေတဲ့ကားတွေထဲမှာ လိုင်စင်မဲ့ (W) ကားတွေ အများကြီး ပါပြီး တချို့က ခေါင်းကားမှာ လိုင်စင်ရှိပြီး တွဲကားမှာ လိုင်စင်မရှိတာ၊ တချို့ကျတော့ တွဲကားမှာ လိုင်စင်ရှိပြီး ခေါင်းကားမှာ လိုင်စင်မရှိတာမျိုးတွေလည်း တွေ့ရပါတယ်လို့ သူက ပြောပါတယ်။
ဒေသခံတချို့ကတော့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူတာကို ထောက်ခံပေမယ့် ဥပဒေချိုးဖောက်မှုတွေကို လူတန်းစားမရွေး မျှမျှတတ စစ်ဆေးအရေးယူသင့်တယ်လို့ ဆိုပါတယ်။
“W ကားတွေနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးတာက မှန်ပါတယ်။ ဒါပေမယ့် နန့်စီးအောင်ဂိတ်မှာ တချို့က ပိုက်ဆံပေးနိုင်လို့ ဖြတ်တာတွေကိုလည်း ဖမ်းဆီးအရေးယူ၊ လူတန်းစားမရွေး မျှမျှတတ အရေးယူစေချင်ပါတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အရင်းအနှီးနည်းပါးတဲ့ အောက်ခြေလူတန်းစားတွေဟာ W ကားတွေကို အားထားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုနေရတာကြောင့် သူတို့ကိုသာ ဖိအားပေးအရေးယူတာမျိုး မဖြစ်စေလိုဘူးလို့ ပြောပါတယ်။
“အရင်းအနှီးမရှိလို့ W ကားနဲ့ ဆီသယ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ အောက်ခြေလူတန်းစားတွေကိုပဲ ဖိအားမပေးစေချင်ပါဘူး။” လို့ သူက ရှင်းပြပါတယ်။
အောက်ခြေလူတန်းစားတွေကိုသာ ပစ်မှတ်ထားမနေပဲ အရင်းရှင်တွေနဲ့ နန့်စီးအောင်ဂိတ် ပူးပေါင်းပြီး လုပ်စားနေတယ်လို့ စွပ်စွဲခံနေရတဲ့ ကိစ္စတွေကိုလည်း မျှမျှတတ စုံစမ်းအရေးယူပေးစေချင်ပါတယ်လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်တွေအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တရားဝင် ထုတ်ဖော်ရှင်းလင်းချက် တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နန့်စီးအောင်ဂိတ်မှာ လုံခြုံရေးအခြေအနေများကြောင့် စစ်ဆေးမှုတွေ တင်းကျပ်လေ့ရှိပြီး ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာ​တွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ယာဉ်မောင်း တယောက်

Related posts

Leave a Comment

VOM News

FREE
VIEW