ထိုင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာ ၃၃ ယောက် ဖမ်းဆီးခံရ

ဇွန် ၁၇ – ၂၀၂၆
SS (VOM)
ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ (Highway Police) က မနေ့ ဇွန် ၁၆ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ဆူရတ်ဌာနီခရိုင်၊ ထာ့ချနဒေသရှိ အာရှလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းဘေးမှာ စက်ပျက်လို့ ရပ်ထားတဲ့ အလုံပိတ် ကုန်တင်ကားတစီးကို မနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တာကြောင့် ကူညီဖို့အတွက် ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တရားမဝင် ရောက်ရှိနေသူတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်း တစုံတစ်ရာမရှိဘဲ တရားမဝင် ခိုးဝင်လာသူတွေဖြစ်ကာ စစ်ဆေး မေးမြန်းချက်တွေအရ ၎င်းတို့ဟာ ရတ်ချ်ဘူရီခရိုင်မှတဆင့် မလေးရှားနယ်စပ်အနီးရှိ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ကို သွားရောက်ကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ တယောက်က “ကားက မြန်မာပွဲစား မောင်ဝင်း ဆိုတဲ့လူ မောင်းလာတဲ့ကား။ သူက ဒီလူတွေကို ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ရတ်ချ်ဘူရီခရိုင်ကနေ ခေါ်လာတာ။ ပို့ပေးခ တယောက်ကို ဘတ် ၂၅၀၀၊ စုစုပေါင်း ဘတ် ရှစ်သောင်းကျော်ရမှာ။ ယာဉ်မောင်းက အရင်ကလည်း ဒီလို ပုံစံတူ ပြစ်မှုနဲ့ပဲ တရားရုံးမှာ စစ်ဆေးခံနေရတဲ့သူ။ အမှု ဆိုင်နေဆဲအချိန်မှာ အခုလို နောက်တမှု ထပ်ဖြစ်တာ” လို့ ပြောပါတယ်။
လက်ရှိမှာ ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသားတွေကို တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူနိုင်ဖို့၊ နေရပ်ကို ပြန်လည် ပို့ဆောင်နိုင်ဖို့အတွက် ထာ့ချနမြို့နယ် ရဲစခန်း (Tha Chana Police Station) ကို လွှဲပြောင်းကာ အမှုဖွင့်လှစ်ထားရှိပြီး ကားကိုပါ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
“ထိုင်းအာဏာပိုင်တွေက တရားမဝင် လမ်းကြောင်းတွေကို ဒီလထဲမှာ ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာ တွေ့ရတယ်။ တရားဝင် ခွင့်ပြုထားခြင်းမရှိတဲ့ လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာကိုလည်း အရှိန်ဟုန်ပြင်းပြင်းနဲ့ စစ်ဆေး၊ ရှင်းလင်းတာတွေ လုပ်နေတယ်။ နိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ လုပ်ငန်းတွေမှာ တရားမဝင် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ပြတ်ပြတ်သားသား နှိမ်နင်းမယ်လို့ ပြောထားတာလည်း ရှိတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီအချိန်မှာ ပိုပြီး သတိထားစေချင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ရန်ပွဲတွေကနေ ရှောင်ရှားနိုင်ကြဖို့ လိုပါတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ နိုင်ငံအတွင်း တရားမဝင် ရောက်ရှိလာသူတွေကို အရေးယူနိုင်ဖို့ အရှိန်မြှင့်တင်၊ စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်လျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း ချွန်ဘူရီခရိုင် အလုပ်အကိုင်ဌာန၊ အလုပ်သမားရေးရာဌာနနဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ တာဝန်ရှိအဖွဲ့တွေ ပူးပေါင်းစစ်ဆေးမှုအတွင်း နိုင်ငံသားတွေအတွက်သာ သတ်မှတ်ထားတဲ့ အလုပ်အကိုင်ဖြစ်တဲ့ ထိုင်းအစိုးရထီ ရောင်းချမှုလုပ်ငန်းမှာ ပါဝင် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၅ ရက်နေ့ကလည်း အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ စားသောက်ဆိုင်တဆိုင်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးခဲ့သလို ဇွန် ၁၄ ရက်နေ့ကလည်း မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတု တအုပ်နဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသား တယောက်ကို မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု ဘန်ဟွေဟင်ဖွန် ပူးပေါင်းလုံခြုံရေး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၁ ရက်နေ့ကလည်း ပထုန်ဌာနီ နာဝါနခွန်း စက်မှုဇုန်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာမှာ အလုပ်လုပ်ခွင့် Work permit မရှိတဲ့ မြန်မာလုပ်သား ၃၃ ယောက် ဖမ်းဆီးခံရသလို အဲဒီနေ့မှာပဲ ချွန်ဘူရီပြည်နယ်၊ ဘန့်ဘိုင်ခရိုင်က တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့ လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာလုပ်သား ၂၁ ယောက်နဲ့ တရုတ်နိုင်ငံသား လုပ်သားတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇွန် ၁၀ ရက်နေ့ကလည်း အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်၊ ဘန်ချန်းရပ်ကွက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာမှာ အထောက်အထား မပြည့်စုံတဲ့ မြန်မာလုပ်သား အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်၊ စုစုပေါင်း လေးယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW