တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၂၈ ရက်နေ့မှာထုတ်ပြန်မယ်

ဇွန် ၂၄ ၊၂၀၂၆
GG (VOM)
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဲ့ ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လာမယ့် ဇွန် ၂၈ ရက် (တနင်္ဂနွေနေ့ ) မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇွန် ၂၄ ရက်ညပိုင်းမှာသတင်းထုတ်ပြန်လိုက်ပါတယ်။
တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇွန် ၂၈ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို ၊ result.dme.gov.mm မှာလည်း ခုံအမှတ်နဲ့တိုက်ရိုက်ရှာဖွေကြည့်ရှု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မနက် ၆ နာရီမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် စာစစ်ဌာနကျောင်းတွေမှာ အောင်စာရင်းကို ကပ်နှံထားမှာဖြစ်လို့ ကြည့်ရှုနိုင်ပြီး ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုထားပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူဦးရေ ၂၅၅၂၂၈ ယောက် ဝင်ရောက်ဖြေဆိုမှုရှိခဲ့ပြီး စာစစ်ဌာနတွေအနေနဲ့ ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု ၊ နိုင်ငံခြားစာစစ်ဌာန ၁၆ ခု စုစုပေါင်း စာစစ်ဌာန ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
” အောင်စာရင်းထွက်မယ်ချိန်နီးလေ ရင်ခုန်လေပါပဲ ။ မနှစ်က ဓာတုဗေဒ ထိထားတော့ ခုနှစ် ပိုကြိုးစားတယ်။ အောင်မှာ သေချာသလောက်ပါပဲ။ ဂုဏ်ထူးတောင်မှန်းထားတယ်။ ” လို့ တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသူတယောက်က ပြောပါတယ် ။
၂၀၂၆ ခုနှစ် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသူကျောင်းသားဦးရေ ၃၃၆၄ ယောက်ရှိခဲ့ပြီး
တိုင်း နဲ့ ပြည်နယ် (၁၈)မြို့နယ်မှာ စာစစ်ဌာန (၅၃)ခုဖွင့်လှစ် ဖြေဆိုခဲ့တာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၇၈၉၈ ဦး ရှိခဲ့ပြီး အောင်မြင်သူဦးရေ ၉၉၉၂၄ ဦးရှိခဲ့ကာ အောင်ချက် ၄၈ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ် ။
စနစ်သစ်နဲ့ ပထမဆုံး.စတင်ဖြေဆိုခဲ့ရတဲ့ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။
ဓာတ်ပုံ – MOI

Related posts

Leave a Comment

VOM News

FREE
VIEW