နန်းမယ်ခုံမြို့၊ ဂွမြို့နဲ့ မောင်တောမြို့တို့မှာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာရ

ဇွန် ၂၄ – ၂၀၂၆
SS (VOM)
ကယားပြည်နယ်အတွင်းက နန်းမယ်ခုံမြို့နဲ့ ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နဲ့ မောင်တောမြို့တို့မှာ နှစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နန်းမယ်ခုံမြို့၊ လီဝိုးကျေးရွာမှာ ဒီကနေ့ ဇွန် ၂၄ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒရုန်း အရင်ကျတာ။ သေဆုံး နှစ်ယောက်မှာ တယောက်က ပွဲချင်းပြီးသေတယ်။ နောက်တယောက်ကတော့ ကုသမှုခံယူနေတဲ့ အချိန်မှာပဲ ဆုံးသွားတာ။ ဒဏ်ရာရတဲ့ တယောက်ကတော့ လက်နက်ကြီးထိတာ။ သူ့ကိုလည်း ဆေးရုံပို့ထားတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
နန်းမယ်ခုံမြို့မှာ ဒရုန်းကျရောက်မှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာမှာ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း ကျေးရွာတရွာအတွင်း ဒရုန်းကျရောက်မှုကြောင့် နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို ဇွန် ၄ ရက်နေ့ကလည်း မြို့ရဲ့ လမ်းမပေါ် တနေရာမှာ ဒရုန်းကျရောက်မှုကြောင့် တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက မောင်တောမြို့နယ်မှာလည်း ဒီကနေ့ မနက် ၁၁ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရပ်ကွက်က နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရကျောင်းဟောင်းအနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နှစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးကျော်ဝန်းကျင်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာမှာလည်း မနေ့ ဇွန် ၂၃ ရက်၊ ည ၁၀ နာရီ ၁၂ မိနစ်ဝန်းကျင်နဲ့ ည ၁၀ နာရီ ၂၇ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အဲဒီ ဖြစ်စဉ်အတွင်း လေးယောက် ဒဏ်ရာရရှိခဲ့ကာ နွားနှစ်ကောင် သေဆုံးခဲ့တဲ့အပြင် နေအိမ် နှစ်လုံးနဲ့ လူနာတင်ကား တစီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိနေတာမှာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန် ၁၆ ရက်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့သလို ဇွန် ၁၄ ရက်လည်း ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW