ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်သား ၁၇ ယောက် တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး မြန်မာအမျိုးသမီး တယောက် သေဆုံး

ဇွန် ၂၄ – ၂၀၂၆
SN (VOM)
ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီပြည်နယ်၊ သာယန်မြို့နယ်မှာ မနေ့ ဇွန် ၂၃ ရက်၊ ညပိုင်းက တရားမဝင် မြန်မာလုပ်သား ၁၇ ယောက် တင်ဆောင်လာတဲ့ ပစ်ကပ်ကား တစီး တိမ်းမှောက်ပြီး အမျိုးသမီးတယောက် သေဆုံးခဲ့ကာ နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ သာယန်မြို့နယ်၊ ဖက်ချဘူရီလမ်း (တောင်ဘက်သွားလမ်း) ရှိ အမှတ်တရပစ္စည်းဆိုင် တဆိုင်ရှေ့မှာ မနေ့ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘန်ကောက်လိုင်စင်နံပါတ်ပါ အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစီး၊ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ထိုင်းရဲတပ်ဖွဲ့ကတော့ ယဉ်မောင်း အိပ်ငိုက်ပြီး ကားက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတယ်။ သေဆုံး တယောက်က ကားထဲမှာညှပ်ပြီး ပွဲချင်းပြီး ဖြစ်သွားတာ။ ကယ်ဆယ်ရေးသမားတွေက ဟိုက်ဒရောလစ် ဖြတ်တောက်စက်တွေနဲ့ ၁၅ မိနစ်နီးပါးကြာအောင် ခက်ခက်ခဲခဲ ကားကို ဖြတ်တောက်ပြီး ရုပ်အလောင်းကို ထုတ်ယူခဲ့ရတယ်။ ဒဏ်ရာရ နှစ်ယောက်ကိုလည်း သာယန်ဆေးရုံကို ပို့ထားတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
အခင်းဖြစ်ပွားစဉ်အတွင်း ကားပေါ် လိုက်ပါလာသူတွေထဲက ကားမောင်းသူ အပါအဝင် ၁၄ ယောက်ဟာ လမ်းဘေးရှိ တောအုပ်နဲ့ ရေသွင်းမြောင်းတွေထဲ ထွက်ပြေးသွားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာမှာ ငါးယောက်ကို ဖမ်းမိခဲ့ပြီး ကိုးယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာအလုပ်သမားတယောက်ရဲ့ ထွက်ဆိုချက်အရ ၎င်းတို့ဟာ ကန်ချနဘူရီခရိုင်၊ ဘုရားသုံးဆူ တောင်ကြားလမ်းကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်လာကြသူတွေ ဖြစ်တယ်လို့သိရပြီး လက်ရှိမှာ ထိုင်းအာဏာပိုင်တွေအနေနဲ့ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေသလို တရားမဝင်လုပ်သား ခိုးသွင်းတဲ့ ဂိုဏ်းအဖွဲ့ကွန်ရက်ကိုပါ ဆက်လက် ဖော်ထုတ်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ အခုလို မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ကားတွေ မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ကန်ချနာဘူရီပြည်နယ်မှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးချိန်၊ မောင်းပြေးတာကြောင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ချောင်ဘူရီခရိုင်၊ စီရာချာမြို့နယ်၊ အဝေးပြေး လမ်းမကြီးပေါ်က ပင်ထောင် (၃) စက်မှုဇုန်ရှေ့မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ Isuzu ပစ်ကပ်ကား အပါအဝင် ကားလေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် မြန်မာ ၁၈ ယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံအတွင်း စီမံချက်ချကာ ရွှေ့ပြောင်းလုပ်သားတွေကို အရှိန်မြှင့်တင်၊ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန် ၂၄ ရက်၊ မနက်ပိုင်းကလည်း ယာဉ်နှစ်စီးနဲ့ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာလုပ်သား ၁၉ ယောက်ကို အဝေးပြေးရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်စဝမ်ခရိုင်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံထဲ ရောက်ရှိနိုင်ဖို့အတွက် တယောက်ကို ပျမ်းမျှ ဘတ် နှစ်သောင်းခန့် ပွဲစားတွေကို ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာလည်း မြန်မာအမျိုးသမီး တယောက်ကို တရားမဝင် ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်မှုနဲ့ ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ချင်းမိုင်သတင်းမှာ မနေ့ ဇွန် ၂၃ ရက်က ဖော်ပြထားပါတယ်။
အဲဒီလိုပဲ ဇွန် ၁၈ ရက်နေ့ကလည်း သာလန်းခရိုင်၊ ချွန်ထလေးဒေသရှိ ဆောက်လုပ်ရေး စီမံကိန်းတခုကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၅၆ ယောက် အပါအဝင် နိုင်ငံခြားသား အလုပ်သမား ၆၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်နေသူတွေ၊ နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW