မြန်မာသင်္ဘောသား သမဝါယမအသင်းကို မကြာခင် ထူထောင်မည်ဖြစ်ပြီး ပင်စင်စနစ်ကိုလည်း ဆောင်ရွက်သွားရန်ရှိ

ဇွန် ၂၅ ၊၂၀၂၆
NW(VOM)
ပင်လယ်ကူးသင်္ဘောသားတွေရဲ့ အကျိုးစီးပွားအတွက် မြန်မာသင်္ဘောသား သမဝါယမအသင်းကို မကြာခင် ထူထောင်သွားမှာဖြစ်ပြီးသင်္ဘောသား ပင်စင်စနစ်ကိုလည်း ဆောင်ရွက်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဥက္ကဌ ကပ္ပတိန်ဦးစိုးမင်းအောင်က ယနေ့ပြုလုပ်တဲ့ Day of The Seafare 2026ပွဲမှာ မီဒီယာများနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံပင်လယ်ကူးသဘ်ောသားများအဖွဲ့ချုပ်အနေနဲ့ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို ကာကွယ်ပေးဖို့အတွက်အဓိကထားလုပ်ဆောင်နေတာဖြစ်တာမို့ သင်္ဘောသား‌တွေ အလုပ်ရပ်နားချိန်မှာ ဝင်ငွေရှိစေဖို့ မြန်မာသင်္ဘောသား သမဝါယမအသင်းကို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကပ္ပတိန်ဦးစိုးမင်းအောင်က သင်္ဘောသားသမဝါယမအသင်း ထူထောင်တာနဲ့ပတ်သက်ပြီး
“မကြာခင်မှာ ကျ​နော်တို့အဖွဲ့ချုပ်က သမဝါယမအသင်းတစ်ခုကို ဖွဲ့ပါမယ်။ သင်္ဘောသားတွေ သင်္ဘောလိုက်တယ်ဆိုတာက အလုပ်ရတဲ့အချိန်ပဲ ဝင်ငွေရှိသလို အလုပ်မရတဲ့အချိန်ဆို ဝင်ငွေမရှိတဲ့ အလုပ်သမားလူတန်းစားဖြစ်ပါတယ်။ သူတို့ပြည်ပမှာသွားအလုပ်လုပ်ပြီးစုဆောင်းရလာတဲ့ငွေနဲ့ သမဝါယမအသင်းကနေပြီးတော့ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးတွေ လုပ်ပေးဖို့အတွက် သူတို့ကို ဘယ်လိုလုပ်ရကိုင်ရတယ်။စီးပွားရေးဘယ်လိုထူထောင်ပေးမယ်ဆိုတဲ့ဟာ လုပ်ဖို့ကိုင်ဖို့အတွက်အသင်းတခုကိုမကြာခင်စတင်ပါ့မယ်။ ဒီလိုလုပ်ချင်းအားဖြင့်သဘ်ောသားတွေရဲ့ ဘဏ္ဍာရေးရေရှည် တည်ရှိမှုကိုအထောက်အကူပြုနိုင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သင်္ဘောသားတွေအနေနဲ့ နိုင်ငံတော်ရဲ့ပင်စင်စနစ်အောက်မှာ မရှိတဲ့အတွက် သင်္ဘောသားတွေကို ပင်စင်ထားနိုင်ဖို့အတွက် နိုင်ငံတော်ရဲ့ ဥပဒေအတွင်းကနေ လုပ်ဆောင်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
သင်္ဘောသားပင်စင်စနစ် ထူထောင်ရတဲ့ ရည်ရွယ်ချက်ကို
” သင်္ဘောသားမှာကလေ ပင်စင်အသက်အရွယ်လို့တော့မရှိဘူးပေါ့နော်။ သို့သော်ကျ​နော်တို့ကဘယ်လိုရည်ရွယ်ထားလဲဆိုတော့ လူတွေသည် အသက်၄၀/၅၀ကို ရောက်လာရင် သူတို့ရဲ့ ခန္ဓာကိုယ်စွမ်းအားက ကျလာတာလေ။ အခုနောက်ပိုင်းမှာလည်း သင်္ဘောပိုင်ရှင်တွေက ရိုးရိုးအခြားအဆင့်လောက်ဆိုအသက်၄၅နှစ်လောက်ကျော်သွားရင် အလုပ်မခေါ်ချင်တဲ့ကိစ္စတွေဖြစ်လာပြီ။ အဲ့ဒီတော့ သင်္ဘောသားဖြစ်ချင်တဲ့ကလေးတွေကို တိုက်တွန်းချင်တာက သင်္ဘောလိုက်မယ်ဆိုငယ်ငယ်ရွယ်ရွယ်နဲ့ လိုက်ပါ။အသက်၂၀နဲ့လိုက်ရင် ၄၅နှစ်ဆို သူ့လုပ်သက်က၂၅နှစ်လောက်ရပြီ။လုပ်သက်၂၅နှစ်မှာ ပင်စင်စနစ်ရှိပြီဆို ပင်စင်စု။ အနားယူတဲ့အချိန်ကျရင်ပင်စင်ပြန်ထုတ်၊ အဲ့တော့ ပင်စင်စနစ်လေးလုပ်လိုက်ရင် သူတို့အလုပ်လုပ်တဲ့အချိန်မှာ ပိုက်ဆံစု။အသက်ကန့်သတ်ချက်မရှိဘူးပေါ့။အငြိမ်းစားယူတဲ့အချိန်မှာ ပိုက်ဆံပြန်ထုတ်ပေါ့ ဒီလိုရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ကပ္ပတိန်ဦးစိုးမင်းအောင်က ရှင်းပြပါတယ်။
သင်္ဘောသားပင်စင်စနစ်ဖြစ်ပေါ်လာဖို့ နိုင်ငံတော်က ဥပဒေထွက်လာဖို့လိုသလို သင်္ဘောသားတွေကလည်းထဲထဲဝင်ဝင်လုပ်ဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေတဲ့ ပက်လယ်ကူး သင်္ဘောသားပေါင်း သုံး​သောင်း​ခြောက်​ထောင်ကျော်အထိရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW