နေပြည်တော်၊ ဇွန်- ၂၅ – ၂၀၂၆
KKL(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို ကျောက်မဲ သီပေါ အတွက် စက်သုံးဆီ ရရှိအောင် ပထမအကြိမ်လွှတ်တော်မှာ ညှိနှိုင်းခဲ့ပြီး အခု မေးမြန်းတဲ့အချိန်အထိ ရက်ပေါင်း ၁၀၀ ကျော်ကာလအထိ တိကျတဲ့အဖြမရရှိခဲ့ပဲ လုံခြုံရေးကို အကြောင်းပြနေလို့မရဘူးလို့ နောင်ချိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ထောက်ပြပြောဆိုပါတယ်။
ဒီကနေ့ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့က နောင်ချို ကျောက်မဲ သီပေါ လားရှိုးမှာ အစိုးရ စက်သုံးဆီ မရရှိတဲ့အတွက်မြို့နယ်တွေကို ခွဲတမ်းချထားတဲ့အခြေအနေ သိလိုတဲ့မေးမြန်းမှုကို လျှပ်စစ်စွမ်းအင် ဒုဝန်ကြီး ဦးကျော်နိုင်ဦးရဲ့ဖြေကြားမှုနဲ့ပတ်သက်ပြီး နောင်ချို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ထောက်ပြဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဒုဝန်ကြီးကတော့ နယ်မြေလုံခြုံရေးကိစ္စနဲ့ မသမာသူတွေလက်ထဲကို စက်သုံးဆီ မရောက်ရှိဖို့ အဓိကထားပြီးဖြေကြားခဲ့တာဖြစ်ပြီး ဦးကျော်မြင့်နိုင်ကတော့ နယ်မြေလုံခြုံရေးနဲ့ မသမာသူတွေရဲ့လက်ထဲ မရောက်ဖို့ကိစ္စက အစိုးရလုပ်ဆောင်ရမယ့်ကိစ္စသာဖြစ်တဲ့အကြောင်းနဲ့ စက်သုံးဆီ အခက်အခဲကြောင့် ဒေသခံတောင် သူစိုက်ပျိုးမှု ၃၀ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ပြီး အခြားဒေသခံတွေရဲ့အခက်အခဲကို တင်ပြခဲ့ပါတယ်။
ရှမ်းမြောက်ဒေသကို စက်သုံးဆီ မပို့ဆောင်နိုင်သေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရက ဆုံးဖြတ်ပေးဖို့နဲ့ အမှန်လိုအပ်တဲ့ ပြည်သူတွေကို ပေးနိုင်မယ့် အဖြေရရှိရင် ပိုကောင်းမယ်လို့ ဆိုတဲ့အပြင် ရှမ်းပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ က တိုက် တွန်းခဲ့တဲ့အပေါ် လျှပ်စစ်၊ စွမ်းအင် ဒုဝန်ကြီးက ဆောင် ရွက်ပေးမယ်လို့ တင်ပြခဲ့ပါတယ်။
စက်သုံးဆီ အခက်အခဲနဲ့ ပတ်သက်တဲ့အဆိုကို ပထမ ပုံမှန်အစည်းအဝေးမှာ လားရှိုးမဲဆန္ဒနယ်က ဒေါက်တာ ရဲထွန်းက မေးမြန်းခဲ့တာဖြစ်ပြီး အခု နောင်ချို ဦးကျော်မြင့်နိုင်က ထပ်မံမေးမြန်းခဲ့တာပါ။
လက်ရှိ စက်သုံးဆီ အလုံအလောက်ရှိတဲ့အကြောင်းနဲ့ နိုင်ငံ တော်မှာ ဓာတ်ဆီ အရံဆီအဖြစ် ရက် ၄၀ စာနဲ့ ဒီဇယ်ဆီ ၄၅ ရက်စာ ရှိတယ်လို့ လျှစ်စစ်၊ စွမ်းအင် ဒုဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
