ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပြီး အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ဇွန် ၂၇ ၊ ၂၀၂၆
CC (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ ကျောင်းဆရာမ တယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
မနေ့က ဇွန် ၂၆ ရက်နေ့မှာ ဖမ်းခံခဲ့ရတာဖြစ်ကြောင်း ဖမ်းခံရသူတွေက တပေါက်ရုံကျေးရွာမှာနေထိုင်တဲ့ ဝါးခင်းကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေ နဲ့ နွားကြိုးအိုင်ကျေးရွာ ၊ အခြေခံပညာမူလတန်းလွန်ကျောင်းကအလယ်တန်းပြဆရာမ ဒေါ်မိုးသီတာ တို့ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ အုပ်ချုပ်ရေးမှူး နဲ့ ကျောင်းဆရာမတို့ကို နေအိမ်ထဲအထိ ဝင်ရောက်ပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
” မနေ့က တပေါက်ရုံက အုပ်ကြီးတော့ ဖမ်းသွားတယ်။ အိမ်ထဲထိဝင်ဖမ်းတာ ။ ပြန်မလွတ်လာသေးဘူး ။ တပေါက်ရုံက ညောင်ဦး နဲ့ ကျောက်ပန်းတောင်း လမ်းပေါ်ကရွာ ။နွားကြိုးအိုင်က ပုဂံနဲ့ ချောက်ကြားကရွာ ။လာဖမ်းတာက ကားတွေ ဆိုင်ကယ်တွေနဲ့ကို အိမ်ကိုဝင်ဖမ်းသွားတာ လို့သိရတယ်။ မနေ့ကရော ဒီနေ့ရော တိုက်ပွဲဖြစ်လို့ ပြေးရသေးတယ်။ ပြေးလိုက် အိမ်ပြန်လာလိုက်ပဲ ။ အလုပ်ကို ကောင်းကောင်းမလုပ်ရဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့ ဇွန် ၂၇ ရက်မှာလည်း ညောင်ဦးမြို့နယ်ထဲက ချောင်းဝ ၊ ငါ့လင်းပုတ် ၊ ဒန့်ဒွန်း ၊ စုတည် ၊ ချောင်းရှည် ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ကျေးရွာဒေသခံတွေ တိမ်းရှောင်ခဲ့ကြရသေးတယ်လို့ သိရပါတယ်။
ညောင်ဦး – ကျောက်ပန်းတောင်းလမ်း ၊ ညောင်ဦး – ချောက်လမ်းပိုင်းက ကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို အုပ်ချုပ်ရေးမှူး ဖမ်းခံရတာ ၊ အသတ်ခံရတာ တွေရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာ နဲ့ ဆရာမ ရှစ်ယောက်ကို ဖမ်းဆီးပြီး ငွေဒဏ်ရိုက်ကာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကလည်းညောင်ဦးမြို့နယ်၊ လက်ပန်တဲရွာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ထဲထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
သြဂုတ် ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊စဥ့်ကူမြို့က ကျူရှင်ဆရာမဆိုသူ ဒေါ်အိအိခိုင်နဲ့ မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ဇူလိုင် ၁၃ ရက်ကလည်း ညောင်ဦး ၊လက်ထုပ်ကျေးရွာမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဇွန် ၉ ရက်ကလည်း ညောင်ဦး၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်တို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW