လူသတ်မှုကျူးလွန်တဲ့ အမျိုးသားတစ်ဦးကို “ဝ” တပ်ဖွဲ့ သေဒဏ်ပေး

ဇွန် ၂၉၊ ၂၀၂၆။
NN(VOM)
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့နယ်အတွင်းမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို “ဝ” တပ်ဖွဲ့က အများရှေ့မှာ စီရင်ချက်ချပြီး သေဒဏ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လူသတ်မှု ကျူးလွန်တဲ့ အမျိုးသားဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။
“သားက ဆေးကြောင်နေတာ ထင်တယ်။ အမေကို ပိုက်ဆံတောင်းတာ မပေးလို့ဆိုပြီး ရိုက်သတ်လိုက်တာ။ အဲဒါကို “ဝ” ရဲတွေက ဖမ်းသွားတာ လေး လလောက် ရှိပြီ။ အခုမှ သေဒဏ်ပေးလိုက်တာ” လို့ ဟိုပန်ဒေသခံတ ယောက်က ပြောပါတယ်။
ပြစ်မှု ကျူးလွန်ခဲ့တဲ့သူကို မနေ့က မနက်ပိုင်းမှာပဲ နမ့်တစ်မြို့က လူအများရှေ့ မှာ စီရင်ချက်ချပြီး သေဒဏ်ချမှတ်ခဲ့ပြီး တခြားနေရာတစ်ခုမှာ သေနတ်နဲ့ စီ ရင် လိုက်တယ်လို့ သိရပါတယ်။
အခုနှစ် ဧပြီလတုန်းကလည်း မိုင်းပေါက်မြို့မှာ လူသတ်ပြီး အလောင်း ဖျောက်ဖျက်ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးထဲက အမျိုးသားဖြစ်သူကို “ဝ” တပ် ဖွဲ့က သေဒဏ်စီရင်ခဲ့ပြီး၊ အမျိုးသမီးကိုတော့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ မိုင်းပေါက်မြို့မှာ လူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ အမျိုးသား သုံးယောက်ကို အများရှေ့မှာ စီရင်ချက်ချခဲ့ပြီး၊ အဲဒီထဲက နှစ်ယောက်ကို သေဒဏ်ပေးခဲ့ ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဟိုပန်မြို့က စတိုးဆိုင် တစ်ဆိုင် ကို ဓားပြတိုက်ပြီး လူသတ်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အများရှေ့မှာ သေဒဏ်ပေးခဲ့ပြီး၊ မုဒိမ်းမှု ကျူးလွန်တဲ့ အမျိုးသား ခြောက်ယောက်ကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
UWSA “ဝ” တပ်ဖွဲ့ဟာ သူတို့ ထိန်းချုပ်ဒေသအတွင်းမှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု ကျူးလွန်တဲ့သူတွေကို အခုလိုပဲ အများရှေ့မှာ သေဒဏ်စီရင်လေ့ ရှိပါတယ်။
“ဝ” တပ်ဖွဲ့အပါအဝင် ကိုးကန့် တပ်ဖွဲ့တို့ရဲ့ ဒီလို တရားစီရင်မှုတွေဟာ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က မကြာခဏ ကန့်ကွက်လေ့ ရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW