ကိုဗစ် ရန်ပုံငွေက​နေ ချေးငွေယူထားတဲ့ စစ်ကိုင်းတိုင်းက ကုမ္ပဏီ/ လုပ် ငန်း (၃၉၀) ခုရဲ့ ကျန်​ငွေတွေကို အမြန်ပေးဆပ်ကြဖို့ သတိ​ပေး​နေ

မုံရွာ ဇူလိုင်-၈ -၂၀၂၆
MW(VOM )
ကိုဗစ် ရန်ပုံငွေက​နေ ချေးငွေယူထားကြတဲ့ စစ်ကိုင်းတိုင်းထဲက ကုမ္ပဏီ/ လုပ်ငန်း (၃၉၀) ခုက ပေးဆပ်ဖို့ ကျန်နေတာတွေကို အမြန်ဆုံးပေးဆပ်ကြဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက အသိပေးထားပါတယ်။
ကုမ္ပဏီ/ လုပ်ငန်း (၇၀၅) ခုက ကျပ် (၁၂၈၂၄.၅၀၀) သန်းကို ချေးယူခဲ့ပြီး ကုမ္ပဏီ/ လုပ်ငန်း (၃၉၀) ခုက ကျပ်(၆၀၀၂.၆၄၀) သန်း ပေးဆပ်ဖို့ကျန်နေတာပါ။ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ကျွန်းလှ၊ ကသာ၊အင်းတော်၊ရွှေဘို၊ဝက်လက်၊အရာတော်၊ ခင်ဦး၊ကန့်ဘလူ၊စစ်ကိုင်း၊ မြင်းမူ၊တမူး၊မင်းကင်း၊ကလေး၊ ဝန်းသို၊ ပင်လည်ဘူး၊ ကောလင်း၊ထီးချိုင့်၊ ဒီပဲယင်း၊စိုင်ပြင်စတဲ့မြို့နယ်တွေက စီးပွားရေးလုပ်ငန်းရှင် (၃၉၀)ဦးက ပေးဆပ်ဖို့ကျန်နေတာဖြစ်ပါတယ်။
“ကိုဗစ်ပြန်လည်ကုစားရေးဆိုပြီး ချေးတာပါ။ တချို့ ချေးတဲ့လူတွေက ပြန်လည်ကုစားရေးမပြောနဲ့ ။အခုဆိုလူတောင်ဘယ်ရောက်သွားမှန်းမသိတာအများကြီး။ အခက်အခဲတွေ အမျိုးစုံရှိတယ်။”လို့ စျေးသည်တဦးကပြောပါတယ်။
စီးပွားရေးလုပ်ငန်းပေါ်မူတည်ပြီး ကိုဗစ်-၁၉ ရန်ပုံငွေက စစ်ကိုင်းတိုင်းထဲက ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း (၇၀၅) ခုကို ငွေထုတ်ချေးထားရာမှာ ပေးဆပ်ဖို့ ကျန်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် (၃၉၀)ဦးကို ကျပ် ၆၈၀၆.၀၀၀ သန်း ထုတ်ချေးထားတာဖြစ်ပါတယ်။
“တတ်နိုင်သလောက်တော့ ပြန်ဆပ်နေပါတယ်။ ပြန်လည်ကုစားဖို့ချေးပေးတာ ပြန်မဆပ်နိုင်တာတွေ ဘယ်လိုလုပ်မှာလဲ။ ပြန်ရနိုးနဲ့လုပ်ရင်း စားစရာတောင်မရှိတော့တဲ့သူ ဘယ်လိုဆပ်မလဲဗျာ။ ဖြည်းဖြည်းချင်းပြန်ဆပ်တာကိုလက်ခံပေးဖို့တော့လိုတာပေါ့ဗျာ။”လို့ အမည်မဖော်လိုသူလုပ်ငန်းရှင်ကဆိုပါတယ်။
ထုတ်ချေးထားတဲ့ငွေကို လုပ်ငန်းရှင်တွေက အလီလီပေးဆပ်တာတွေရှိရာ ကျပ် ၈၀၃.၃၆၀သန်း ပေးဆပ်ထားပြီး ကျပ်၆၀၀၂.၆၄၀သန်း ပေးဆပ်ဖို့ကျန်သေးပြီး အတိုးပေးဖို့ ကျပ် ၇၈.၃၅၅သန်းကျန်သေးတယ်လို့သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် (၃၉၀)ဦးက အရင်းနဲ့ အတိုးကျပ် ၆၀၈၀.၉၉၅ သန်း ကျန်သေးတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက အသိပေး ထုတ်ပြန်ထားပါတယ်။
“လုပ်ငန်းရှိနေတဲ့သူတွေက ပြန်ဆပ်ကြတယ်။ စားသောက်ဆိုင်လိုမျိုးပေါ့။လုံးဝမလှုပ်နိုင်တဲ့ လုပ်ငန်းတွေကမဆပ်နိုင်ကြတော့ဘူး။ စစ်ကိုင်းတိုင်းယောင်္ကျားကသေသွားလို့ မိသားစုနဲ့ဒုက္ခရောက်နေတာမျိုးတွေလည်းရှိတယ်။ ထောင်ချရင်လည်း ခံရမှာဆိုပြီးငိုပြောတာမျိုးရှိတယ်။”လို့ ကိုဗစ်ချေးငွေ အကြောင်းသိသူကပြောပြပါတယ်။
ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေရယူကြရာမှာ စစ်ကိုင်းတိုင်း မြို့နယ်အသီးသီးက ဆီစက်၊ဆန်စက်၊ ပဲခွဲစက်၊ ကြက်မွေးမြူရေး၊ နွားမွေးမြူရေး၊ ငါးမွေးမြူရေး၊ သရက်စိုက်ပျိုးထုတ်လုပ်ရေး၊ ဆိုင်းအငြိမ့်အဖွဲ့၊ ကန္နားစီး၊ သစ်အချောထည်၊ ပရိဘောဂ၊ ဆန်ခေါက်ဆွဲ၊ အလှပြင်သင်တန်းကျောင်း၊ တွင်သံဂဟေ၊ နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်း၊ ဧည့်ရိပ်သာ၊ ပွဲရုံ၊ ကုမ္မဏီလီမိတက်၊ မုန့်လုပ်ငန်း၊ မြေပဲဆားလှော်လုပ်ငန်း၊တိုင်းရင်းဆေး၊ စားသောက်ဆိုင်၊ ကြာဇံလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ ဂွမ်းဖတ်စက်လုပ်ငန်း၊ ရေနံချက်လုပ်ငန်း၊ ဝါကြိတ်စက်၊ ပိုက်ဆိုင်စတဲ့ စီးပွားရေးလုပ်ငန်းတွေက ရယူထားကြတာ ဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW