ဆူးငှက်
ကျွန်တော ်စတင် တွေ့ဖူးသော စာပေဆရာများ
———————————————-
ကျွန်တော်သည် စာရေးခြင်းကို တစ်ဦးတည်း သဘောထားနှင့်သာ ရေးသားဖြစ်ခဲ့သည်။ ထိုစဉ်က ရေးဖော်ရေးဖက်လည်း မရှိခဲ့ပေ။ တခါတရံမှသာ ကျွန်တော်နှင့် ဆုံတွေ့နေကျ ကိုသိန်းဆွေနှင့်သာ ပြဖြစ်သည်။ ပြသည်ဆိုသည်ကလည်း မဂ္ဂဇင်းတွင်ပါမှ ပြဖြစ်ခြင်းဖြစ်သည်။ သဘင်မဂ္ဂဇင်တွင် ထိုပြဇာတ်စာမူပါလာသောအခါ ထိုစဉ်က မန္တလေးတွင် နံမည်ကြီး အငြိမ့်တစ်ငြိမ့်ဖြစ်သည့် ငြိမ်းချမ်းရေးခင်စောထွေး အငြိမ့်၏ ပြဇာတ်ဒါရိုက်တာနှင့် စာရေးဆရာ ချမ်းမြေ့အေး က ဆရာညီပုလေးကို ထိုပြဇာတ်ရေးသူ ဘယ်သူလဲဆိုတာ စုံစမ်းသည်။ ထိုအခါ ဆရာညီပုလေးက ကျွန်တော်ဆိုတာ ညွှန်လိုက်သဖြင့် ဆရာချမ်းမြေ့အေး က ကျွန်တော့် အလုပ်ရုံထိ လာရောက်တွေ့ဆုံသည်။ တွေ့ဆုံရင်း ဆရာချမ်းမြေ့အေးက ကျွန်တော့်ကို ဆရာညီပုလေးက လမ်းကြုံလျှင် လူထုတိုက်သို့ ဝင်ခဲ့ရန် ဖိတ်ကြားကြောင်း ပြောပြသည်။ ကျွန်တော် ဝမ်းသာသွားသည်။
ထို့ကြောင့် တစ်ညနေတွင် လူထုတိုက်သို့ ကျွန်တော် စက်ဘီးလေးနှင့် ရောက်သွားသည်။ တိုက်ရောက်တော့ အလုပ်စားပွဲက အစ်မကြီး(မမဒေါ်တင်ဝင်း)ကို ကိုညိုက ခေါ်ထားလို့ပါဟု ပြောတော့ ဧည့်ခန်းထဲ မှာ စောင့်ခိုင်းထားသည်။ စောင့်ရင်း ဖတ်ဖို့ မဂ္ဂဇင်း သုံးလေးအုပ်လည်း ချပေးထား၏။ ထိုစဉ်က ထွက်ရှိနေသော ရှုမဝမဂ္ဂဇင်း၊ မိုးေ၀ မဂ္ဂဇင်းတို့ ဖြစ်သည်။ ခဏနေတော့ ကိုညို(စာရေးဆရာ ညီပုလေး) ရောက်လာသည်။ ကျွန်တော့်မှာ လတ်တလော စာပေအပေါင်း အသင်း၊ စာပေအဝန်းအဝိုင်း ရှိမရှိမေး၏။
ကိုညိုက အားလျှင် သူတို့ စာပေအဝန်းအဝိုင်းသို့ လာခဲ့ဖို့ ဖိတ်ခေါ်သည်။ သူတို့ မကြာမကြာ ဆုံဖြစ်သည်။ စာအကြောင်း ပေ အကြောင်း စကားဝိုင်းဖွဲ့ဖြစ်သည်။ စာမူတွေ အပြန်အလှန် ဖတ်ရှုဝေဖန်ကြသည်ဟု ဆိုသည်။ ဆရာ ဦးစိန်မောင်ဝင်း(ဆရာဝင်းစည်သူ) ၏ ၈၃ လမ်းပေါ်က သရဖူမြန်မာစာ သင်တန်းခန်းမမှာလည်း ဆုံဖြစ်သည်။ ကိုငယ် (ကျောက်ဆည်)၏ စာအုပ်ဆိုင်မှာလည်း ဆုံဖြစ်ကြ သည်တဲ့။ ဆရာဝင်းစည်သူပါသည်။ ဆေးရုံကြီးနားက ဆရာဝန် တစ်ယောက် ပါသည် (ဆရာကြည်ဇော်ဝင်း)။ တာရဲတန်းက တိရစ္ဆာန် ဆေးကုဆရာဝန် တစ်ယောက် ပါသည် (ဆရာညိုထွန်းလူ)။ တစ်ခါတစ်ရံ ကျောက်မဲမှာ ရောက်နေသော ဝန်ထမ်းစာရေးဆရာ တစ်ယောက် ပါသည် (ဆရာကျော်ရင်မြင့်)။ တောင်ကြီးမှာ ရောက်နေသော မိတ်ဆွေတစ်ဦးကလည်း စာတစ်စောင်တစ်ဖွဲ့ဖြင့် အမြဲလိုလို ပါဝင်ဆွေး နွေးသည် (ဆရာကြည်လင်အေး)။ ဘူတာကြီး မီးရထားလိုင်းမှာ နေသော ဆရာရဲသျှမ်းပါသည်။ မြောက်ပြင်က စာရေးဆရာ ဆရာသိုက်ထွန်းသက်ပါသည်။ စသည်ဖြင့် ပြောပြသည်။ ကိုညိုက ရင်းနှီးနွေးထွေးစွာ ဖိတ်ခေါ်သည်။ ကျွန်တော် မရောက်ဖြစ်ပါ။
၇၉လမ်းပေါ်က နွေဒေသ
————————-
သည့်မတိုင်မီက အလုပ်ရုံတွင် စာရင်းလာစစ်ရင်း မောင်နှမအရင်းသဖွယ် ခင်မင်ခဲ့သည့် အစ်မကြီး ဒေါ်မြင့်မြင့်ဦးနှင့် ပတ်သက်ပြီး သူ့ခင်ပွန်း ကဗျာဆရာ လင်သူ (ကိုထိန်လင်း) ကို ရင်းနှီးခဲ့ရသည်။ ကိုထိန်လင်းက ၁၉၈၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာပဲ “နွေဒေသ” အမည်ဖြင့် စာအုပ်ဆိုင်ဖွင့်သည်။ သူ့ဆိုင်က ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်မှာရှိသည်။ ၇၉လမ်း၏ တောင်ဘက်ဆုံး မျက်ပါးရပ် တံတားနက် အဆင်း ၃၄လမ်းထိပ်မှာ ဖြစ်သည်။ သူ့ဆိုင်၏ မြောက်ဘက် ကပ်ရက်မှာ ရှိန်ကြီးကဖေးရှိသည်။ ထိုစဉ်က ညဈေးတန်းကိုလည်း မူလ ဈေးချို၈၄လမ်းမှ ၇၉လမ်း ၂၈လမ်းနှင့် ၃၃လမ်းကြားသို့ ရွှေ့ပြောင်းထားချိန် ဖြစ်သည်။ ထို့အတူ လမ်း၈၀ပေါ်ရှိ ယခင်မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် လက်အောက် နန်းကေသီ နှင့် ကဉ္စန အမျိုးသမီးဆောင်များတွင်လည်း မန္တလေတးက္ကသိုလ် ရတနာဘုမ္မိဟု ဖွင့်လှစ်ထားသည့် ကာလ ဖြစ်သည်။
“နွေဒေသ” မှာ မနက်ပိုင်းဆိုလျှင် ဆရာအုန်းမြင့်လှိုင် နှင့် ဇနီး ဆရာမ ချစ်ခြင်းလှိုင်တို့ ရောက်လာသည်။ ခဏနေလျှင် ကဗျာဆရာမ မစိမ်းပင်က ဂျုံရိုးခမောက်ကြီးဆောင်းပြီး စက်ဘီးနှင့် ရောက်လာကြတာ နေ့စဉ်ဖြစ်သည်။ တခါတရံ ဘုရားကြီးနားတွင်နေသော ကဗျဆရာမောင်သင်းပန်လည်း လွယ်အိတ်လေး လွယ်ပြီး စက်ဘီးလေးနှင့် ရောက်လာသည်။ ထိုဆရာ ဆရာမများ ရှိသောကြောင့် ကျွန်တော်က မနက်ဆိုလျှင် အလုပ်မသွားမီ နွေဒေသသို့ ဝင်သည်။ ညနေအပြန် လည်း ဝင်သည်။ စနေတနင်္ဂနွေဆိုလျှင် မနက်လင်းကတည်းက တစ်နေကုန် ရောက်ဖြစ်နေသည်။ ထိုနေ့များတွင် အစ်မကြီးဒေါ်မြင့်မြင့်ဦးလည်း ရောက်လာ၏။ တခါတရံ အစ်မကြီး၏ ထမင်းချိုင့်ကို ကျွန်တော်က ဝင်နှိုက်သေးသည်။ နွေဒေသ တွင် ရန်ကုန်က စာရေးဆရာ ကဗျာဆရာတွေကိုလည်း တွေ့ရသည်။ ဆရာမောင်ခိုင်မာ၊ ဆရာဇော်နောင်၊ ဆရာညွန့်သစ် နှင့် ဆရာအောင်ခက်တို့ကို ဆုံဖူးသည်။ မြေနီကုန်းက နာမည်ကျော် စာအုပ်ဆိုင်ပိုင်ရှင် ဦးစောလွင် ကိုလည်း ၂ကြိမ် ၃ကြိမ်လောက် ဆုံဖူးသည်။
ဆရာလင်းသူ(ကိုထိန်လင်း) က သူရန်ကုန်ရောက်စဉ် ဆရာချစ်ဦးညိုထံ ဝင်ပြီး ကျွန်တော့် ပြဇာတ် စာမူ ကိစ္စကို စုံစမ်းပေးကာ ဆရာချစ်ဦးညိုထံက ပေးစာကိုလည်း လက်ဆင့် ကမ်းခဲ့သည်။ မကြာမီ ဆရာချစ်ဦးညို မန္တလေးရောက်လာတော့ ကျွန်တော့် အိမ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏။ ကျွန်တော်ကလည်း နောက်ရက်မှာ သူတည်းသည့် မန္တလေးဟိုတယ်(ယခု ဆွင်းဟိုတယ်) သို့ သွားပြီး စကားတွေ ပြောဖြစ်သည်။ ထိုစဉ် ကျွန်တော်က တစ်နှစ်ပင် မပြည့်သေးသော သားကြီးကို စက်ဘီးရှေ့က ခုံတွင် တင်ပြီး ခေါ်သွားကာ ကျွန်တော်တို့ စကားပြောနေစဉ် ဘေးကဆက်တီခုံပေါ် ငြိမ်ငြိမ်သက်သက်ထိုင်နေသော သားကို ဆရာချစ်ဦးညိုက သဘောကျနေတာ မှတ်မိသေးသည်။
သုံးရောင်ခြယ်မှာ
——————-
“နွေဒေသ” တွင် အမှတ်အရဆုံးက နေဝင်ရီတရော တစ်ညနေတွင် ကျွန်တော်က အလုပ်ရုံက အပြန် ၇၉လမ်း ညဈေးတန်းသို့ ဝင်သည်။ ထိုစဉ် ညဝေးတန်းမှာ ကိုသန်းဌေး(ဆရာသင့်နော်) ၏ သုံးရောင်ခြယ် စာပေရှိသည်။ ၇၉လမ်းနှင့် ၃၂လမ်းထိပ်လောက် ထင်ရဲ့။ ကျွန်တော်က သုံးရောင်ခြယ်ကို သေချာဝင်ခြင်း ဖြစ်သည်။ ကိုသန်းဌေးထံ ကျွန်တော်မှာထားသော စာအုပ်တစ်အုပ် ရမရ မေးလို၍ ဖြစ်သည်။ ကိုသန်းဌေးနှင့် ကျွန်တော်က အရင် ဈေးချို ညဈေးတန်းကတည်းက ဖောက်သည် ဖြစ်သည်။ ကျွန်တော် လစဉ်ဝယ်သော ရှုမဝ နှင့် မိုးဝေကို ကိုသန်းဌေးက အမြဲ ချန်ထားသည်။ ထို့ပြင် လုံးချင်းအသစ်ထဲက မြသန်းတင့် ဗန်းမော်တင်အောင် ဒဂုန်တာရာစသူတို့ စာအုပ်ဆိုလျှင်လည်း ကျွန်တော့်အတွက် ဖယ်ပေးထားသည်။
ကိုသန်းဌေးထံက တူဒေး စပယ်ရှယ်များက ပညာပဒေသာ၊ သုတပဒေသာ စသော စာစောင်များက သုတေသနဆိုင်ရာ ဆောင်းပါးများကို ဖြုတ်ကာ စုစည်းပြီး ပေါင်းချုပ်ထားသည့် သူ့လက်ဖြစ် စာအုပ်များဖြစ်သည်။ အဖုံးမှာလည်း ပန်းချီဆန်လှသော သူ့ လက်ရေးခေါင်းစီးနှင့်ပင် စာအုပ်က တန်လှပါပြီ။ ထိုစာအုပ်မျိုးကိုလည်း ကျွန်တော်ကြိုက်မှန်းသိလို့ ရောက်လာတာနှင့်ပြသည်။ ကျွန်တော်ကလည်း ချက်ချင်းဝယ်သည်။ ကုန်းဘောင်ခေတ် ဘုန်းကြီးကျောင်းများ၊ ရှေးမြန်မာအိမ်များ၊ ပြဒါးလင်းဂူ၊ သရေခေတ္တရာမြို့ဟောင်း တူးဖော်ချက် အစီရင်ခံစာ၊ ပျူဒင်္ဂါးများ၊ မြန်မာပြဇာတ်စာပေသမိုင်း စသည့် စာအုပ်များဖြစ်သည်။ ထိုနေ့က မှာထားသည့်စာအုပ်က မြန်မာနိုင်ငံ သုတေသနအသင်းက ထုတ်ဝေသော သုတေသနစာစောင် အမှတ် ၃ ဖြစ်သည်။
မောင်ရင်က ပျူကို တော်တော် စိတ်ဝင်စားတာလား
—————————————————
ကျွန်တော်ရောက်တော့ ကိုသန်းဌေးက သူ့ဆိုင်ကို ခင်းပြီးခါစ၊ ထုံးစံအတိုင်း စွပ်ကျယ်လက်ပြတ် ပုဆိုးတိုတိုနှင့် လွယ်အိတ်ကို စလွယ်သိုင်းထားသည်။ ကျွန်တော်က သူ့ဆိုင်ရှေ့မှာ စက်ဘီးလေး ထိုးပြီးဒေါက်ထောက်တော့ ဘေးမှာစာအုပ်တွေ ရပ်ကြည့်နေသူ တစ်ဦးသာရှိသည်။ ထိုသူက စစ်အင်္ကျီခပ်နွမ်းနွမ်းကို လက်ခေါက် ပင့်တင်ကာ လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ပြီးဖတ်နေသည်။ ချည်ပုဆိုးကိုလည်း တိုတိုဝတ်ထား၏။ ခေါင်းမှာ ချည်ဦးထုပ်ဝိုင်း ကို နဖူးဖုံလုထိ ဆွဲချကာ ဆောင်းထားသည်။ မျက်မှန်အောက်က မျက်လုံးစူးစူးရဲရဲက လက်ထဲက စာအုပ်၏ စာလုံးတွေပေါ်က မခွာ။ ထိုသူက ထူးခြားစွာ တာယာဖိနပ်ကို စီးထားပြီး ခပ်ညစ်ညစ်လွယ်အိတ်ကို ကိုင်းထုံးထားပြီး လွယ်ထားသည်။ ကျွန်တော်က ကိုသန်းဌေးကို မှာထားသည့် သူနေသနစာစောင် ၃ ရ မရ မေးတော့ မရသေးပါတဲ့။ သုတေသနစာစောင်တွေထဲမှာ ထိုစာစောင်က ရှားသတဲ့။
ကျွန်တော်ကလည်း ထိုစာအုပ်ထဲတွင်ပါသော ဦးရည်စိန်၏ ပျူဂီတဆောင်းပါးကို လိုချင်တာမရ ဖြစ်နေလို့ နေမထိထိုင်မသာဖြစ်နေကြောင်း ကိုသန်းဌေးကို ပြောမြိသည်။ ကိုသန်းဌေးက သူ့တွင်ရှိသည့် အခြားပျူနှင့် ပတ်သက်သော ဖြုတ်ချုပ် စာအုပ်များကို ပြသည်။ အများစုက ကျွန်တော့်မှာရှိသည်။ ထိုအထဲမှ ကျွန်တော့်ထံတွင်မရှိသည့် ပျူစာအုပ်တစ်အုပ်ကို ယူလိုက်သည်။ ကိုသန်းဌေးနှင့် ကျွန်တော်တို့ စာအုပ်တွေ အကြောင်း မေးနေပြောနေစဉ်မှာပင် မတ်တတ်ရပ်၍ စာဖတ်နေသော ပုဂ္ဂိုလ်က သူ့စာကိုသာ အာရုံစိုက်နေပြီး ကျွန်တော်တို့ ပြောနေသော စာအုပ်နှင့် အကြောင်းအရာများက ပျူဟု တွင်တွင် ပြောနေသောအခါ ထိုပုဂ္ဂိုလ်က မျက်မှန်ပေါ်ကကျော်ပြီး ကျွန်တော့်ကို လှမ်းကြည့်နေတာ သတိထားမိသည်။ သူ့အကြည့်က စာအုပ်ပေါ်မရောက်တော့ ကျွန်တော့်ကို ကြည့်ရင်း တစ်ချက်တစ်ချက် ကိုသန်းဌေးကို ကြည့်သည်။
ကျွန်တော်က ကိုသန်းဌေးပေးလိုက်သည့် ပျူစာအုပ်လေး လှမ်းယူကာ စာအုပ်ဖိုးပေးပြီး သုတေသနစာစောင် အမှတ်၃ကို ရအောင် ထပ်ရှာပေးဖို့၊ စာအုပ်မရလျှင်ပင် ထိုစာအုပ်တွင်ပါရှိသော ဦးရာ်စိန်ဆောင်းပါးကို ကော်ပီလိုချင်ကြောင်း ပြောပြီး စက်ဘီးလေး ဒေါက်ဖြုတ်ကာ ပြန်မည်အလုပ် ထိုပုဂ္ဂိုလ်က လက်ထဲက စာအုပ်ကို ဘေးချပြီး ကျွန်တော့်ကို စေ့စေ့ကြည့်ကာ “ မောင်ရင်က ပျူကို တော်တော်စိတ်ဝင်စားတာလား” ဟု ငေါက်တာလား စူးစမ်းတာလား မဝေခွဲနိုင်သည့် အသံဖြင့် ခပ်ပြတ်ပြတ်မေးလိုက်တော့ ကျွန်တော် သူ့အသံသြဇာတွင် လန့်ဖျတ်သွားတော ဝန်ခံပါ၏။
ကျွန်တော် ဘာမှ ပြန်လှန်မဖြေမီ ကိုသန်းဌေးက ကျွန်တော့်ကို လှမ်းကြည့်ပြီး ထိုပုဂ္ဂိုလ်၏ နံမည်ကို ပြောလိုက်တော့ အလိုလေး.. တွေ့မှ တွေ့တတ်ပလေ၊ မနက်ကမှ ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်က ပျူဂီတအဖွဲ့၏ သီချင်းတစ်ပုဒ်ခေါင်းစဉ်မို့ ဖတ်ကာ သဘောကျခဲ့သည်။ အခု တွေ့ပါပြီကော..။ ထိုတောသားကြီး တစ်ယောက်နှင့် တူသည့် ပုဂ္ဂိုလ်ကြီးက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့ကြည့်ပြီး “မောင်ရင်က ပျူကို တော်တော်စိတ်ဝင်စားတာလား” ဟူသော မေးခွန်းကို ကျွန်တော် ခေါင်းမခါခဲ့သလို ခေါင်းလည်းရဲရဲ မညိတ်ခဲ့မိတာ မှတ်မိသည်။ ထိုညက ထိုပုဂ္ဂိုလ်ကြီးနှင့် အတူ နွေဒေသမှာထိုင်ပြီး ရှိန်ကြီးကဖေးက ကော်ဖီတစ်ခွက်နှင့် ညစာပြီးခဲ့ရပါ၏။
ဆူးငှက်
