ဇူလိုင် ၈ – ၂၀၂၆
SS (VOM)
ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေရတာကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။
တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို ပြီးခဲ့တဲ့နှစ်တွေက အောင်စာရင်းထွက်ပြီး သုံးရက်ဝန်းကျင်လောက်မှာ ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အခုနှစ်မှာတော့ အောင်စာရင်းထွက်ပြီး ၁၀ ရက်တာကာလ ကြာမြင့်လာတဲ့အချိန်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အမှတ်စာရင်း ထုတ်ပေးမယ့်ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။
“အမှတ်စာရင်း ထုတ်မပေးနိုင်သေးတာက ပြန်စိစစ်နေရတာတွေကြောင့်ပါ။ ဘာတွေကို စိစစ်နေရလဲဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အတန်းကျော် ရှိနေတာတွေ၊ repeat & repeat ပေါ့၊ အထပ်ထပ် သင်ကြားမှု ရှိနေတာတွေကို စိစစ်နေရတာတွေကြောင့်ပါ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လက်ရှိရရှိထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် အမှတ်စာရင်း ထုတ်ပြန်ရေးဟာ မျှော်မှန်းထားတာထက် ရက်အနည်းငယ် နောက်ကျနိုင်ဖွယ်ရှိနေပြီး ခန့်မှန်းချက်အရ သက်ဆိုင်ရာဌာနအနေနဲ့ အခု ဇူလိုင်လ ဒုတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ အမှတ်စာရင်း ထုတ်ပေးမယ့်ရက်ကို ကြေညာနိုင်ခြေရှိနေတယ်လို့ ပညာရေးလောကကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါအပြင် အောင်လက်မှတ်ကိုလည်း သြဂုတ်လ တတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ စတင် ထုတ်ပေးနိုင်ခြေရှိနေပြီး ဒါဟာ တရားဝင်ကြေညာချက် မဟုတ်ဘဲ ခန့်မှန်းချက်သာဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေအနေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
“Grade – 12 အမှတ်စာရင်းက ခါတိုင်း ဒီအချိန်ရပြီ။ အရင်နှစ်တွေကဆို အောင်စာရင်းထွက်ပြီး နှစ်ရက်၊ သုံးရက်ပဲကြာတာ။ မြန်မာနိုင်ငံစာစစ်က တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့လေးတွေခွဲပြီးတော့ စစ်လိုက်တော့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို အရင်နှစ်တွေက တခါတည်း တန်းထုတ်ပေးတာ။ printer လေးနဲ့။ အခု နှောင့်နှေးနေတာက သူတို့ တော်တော်လေးကို စိစစ်နေရလို့ပါ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
၂၀၂၅ – ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ချိန် နောက်ကျရတာကလည်း အဲဒီလို မသမာမှုတွေရှိနေတဲ့အတွက် စိစစ်နေရတာတွေကြောင့်လို့ ပညာရေးအသိုင်းအဝိုင်းထဲ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပြီး Grade – 11 မနေဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက Grade – 12 စာမေးပွဲကို အောင်မြင်နေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့ဟာ Grade – 10 အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Grade – 11 စာ အနည်းငယ်လောက်သာ သင်ပေးပြီး Grade – 12 ကို အလွယ်တကူ တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေကြား ပြောဆိုမှုတွေ ရှိနေတာပါ။
အခုလို မသမာမှုတွေဟာ ကိုယ်ပိုင်ကျောင်း အားလုံးလိုလိုမှာ ရှိနေတာလို့သိရပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ အစိုးရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ အတော်များများဟာ Grade – 10 အောင်မြင်ပြီဆိုတာနဲ့ ကျောင်းထွက်လာကြတာတွေ ဖြစ်လာကာ တနှစ်ထက်တနှစ် ကျောင်းထွက်နှုန်း ပိုများလာတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာဆိုရင်လည်း အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းတချို့မှာ ကျောင်းသားအရေအတွက် နည်းပါးလာတာ တွေ့ရပြီး ဆရာ၊ ဆရာမအင်အား ခန့်ရတာနဲ့ မမျှတတာကြောင့် ကျောင်းတွေပေါင်းတာ၊ မူလတန်းအထိ အဆင့်လျှော့ချတာတွေ ပြုလုပ်ရတဲ့ကျောင်းတွေ တိုးလာနေကာ ကျောင်းအရေအတွက် ၁၂ ကျောင်းအထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
အခုလို အစိုးရကျောင်းတွေ အဆင့်လျှော့ချပြီး ကျောင်းပေါင်းတာတွေ ပြုလုပ်နေချိန်မှာ ကိုယ်ပိုင်ကျောင်းတွေကတော့ အရေအတွက် ပိုမို များပြားလာနေတာကို တွေ့ရပြီး တချို့သော ကိုယ်ပိုင်ကျောင်းတွေကတော့ အဆင့်မမီတာ၊ စည်းကမ်း မညီညွတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
“အခုလို ကျောင်းအဆင့် လျှော့ချရတာတွေကလည်း အခြေခံပညာရေးရဲ့ ကျဆုံးမှုလက္ခဏာဖြစ်တယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကျောင်းအရေအတွက်က ၄၀ ကျော်နေတယ်။ အစိုးရကျောင်းတွေထက် ပိုများနေတယ်။ ကျောင်းတွေ အဲဒီလောက် လိုအပ်၊ မလိုအပ်၊ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘဲ ခွင့်ပြုနေတာ ဘာကြောင့်လဲ။ အဲဒီလို ကျောင်းတွေကြောင့် အစိုးရကျောင်းတွေ ပျောက်သွားတာပဲ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
လက်ရှိ ကိုယ်ပိုင်ကျောင်းအများစု ပြုလုပ်နေတဲ့ အတန်းကျော်ပညာရေးနဲ့ Grade – 12 မှာ သင်ခန်းစာတွေကို အထပ်ထပ် သင်ကြားနေတာတွေဟာ အစိုးရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
“အစိုးရကျောင်းတွေရော အဲဒီလို လုပ်ခွင့်ရှိလား။ ဒါဆိုရင်တော့ ပညာရေးစနစ်က ပျက်ပြီ။ ဒါကို သိသိကြီးနဲ့ ခွင့်ပြုထားတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးချင်တာက ပုဂ္ဂလိကကျောင်းတွေ အခုလို လုပ်နေတာတွေကို သိသိကြီးနဲ့ ဘာကြောင့် အခုအချိန်အထိ ခွင့်ပြုထားတာလဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်” လို့ သူက ပြောပါတယ်။
ကိုယ်ပိုင်ကျောင်းတချို့မှာ အခုလို Grade – 10 ကနေ Grade – 11 ကို ဆက်မတက်ရဘဲ Grade – 12 ကို အတန်းကျော် တက်ရောက်ခွင့် ပြုနေတာနဲ့ပတ်သက်လို့ ဒီအကြောင်းအရာကို သိရှိခြင်း ရှိ၊ မရှိ၊ စုံစမ်းအရေးယူခြင်း ရှိ၊ မရှိ VOM သတင်းဌာနက ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတဆင့် ပညာရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့ရာမှာ Grade – 11 ကို တက်ရောက်ခြင်းမရှိဘဲ Grade – 12 သင်ခန်းစာတွေ သင်ကြားလို့မရဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
အခြေခံပညာဦးစီးဌာန၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနထံ ကျောင်းသားစာရင်း၊ စာမေးပွဲဖြေဆိုမှု၊ အောင်မြင်မှုတွေကို ပေးပို့ အစီရင်ခံရပြီး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနအနေနဲ့ ဒီကိစ္စရပ်တွေကို စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနတို့မှလည်း ရှောင်တခင်စစ်ဆေးခြင်း (Surprise Check)၊ ကျကောက်စစ်ဆေးခြင်း (Sport Check) တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားပါတယ်။
Photo – CJ
