မကွေးတိုင်းအတွင်း မတည်ငြိမ်တဲ့မြို့နယ်​တွေမှာ ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရဆဲ

ဇူလိုင် ၉ – ၂၀၂၆
SS (VOM)
မကွေးတိုင်းအတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ချောက်မြို့နယ်တွေမှာ အစိုးရတပ်ရဲ့ မြေပြင်စစ်ကြောင်း ဝင်ရောက်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) ကနေ အင်အား အများအပြားနဲ့ ထွက်လာတဲ့ အစိုးရတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မြိုင်နဲ့ ပခုက္ကူမြို့နယ်က ပြည်သူ့စစ်တွေရှိတဲ့ ကျေးရွာတွေကတဆင့် ပေါက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ပခုက္ကူမြို့နယ်က မြစ်ခြေမြို့နဲ့ ကမ္မမြို့က ဒေသခံတွေ တမြို့လုံးနီးပါး စစ်ဘေး တိမ်းရှောင်နေရပြီး မြိုင်မြို့နယ်မှာတော့ အစိုးရတပ် တပ်စွဲထားတဲ့ မြိုင်စက်မှုဇုန် (၁) အနီးဝန်းကျင်ရှိ ကျေးရွာတွေ အားလုံးအပါအဝင်၊ စုစုပေါင်း ၁၅ ရွာဝန်းကျင်က ဒေသခံတွေ တိမ်းရှောင်နေရသလို ပေါက်မြို့နယ်မှာလည်း ကျေးရွာ ၁၀ ရွာဝန်းကျင်မှ ‌အိမ်ထောင်စု ၄၅၀၊ လူဦးရေ ၂၀၀၀ နီးပါး နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ပခုက္ကူမှာဆိုရင် အခု ဇူလိုင် လဆန်းပိုင်းကနေစပြီး တိုက်ပွဲ ပြင်းထန်လာတာ။ လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိတယ်။ ပြီးတော့ ကျေးရွာ၊ နေအိမ် ပျက်စီးတာတွေလည်းရှိတယ်။ လတ်တလောမှာက လုံခြုံရေးအခြေအနေက လုံးဝ စိတ်ချရတဲ့ အခြေအနေမဟုတ်ဘူး။ ဒါကြောင့် ဒေသခံတွေ အကုန်ရှောင်ရတာ။ အစိုးရတပ်က မြေပြင်မှာလည်း တရွာဝင်၊ တရွာထွက်နဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတာရှိတယ်။ ဒီနေ့ဆိုရင်ပဲ နေ့လယ် ၁၂ နာရီကျော်လောက်က ဒီ ပခုက္ကူနယ်ထဲက လိပ်ကုန်းရွာဘက်မှာ အစိုးရတပ်တွေ ရောက်နေတယ်။ အင်အားလည်း များတယ်ကြားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ရှောင်တွေအတွက် အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာဖြစ်ပြီး ဆေးဝါးနဲ့ အမိုးအကာတွေလည်း လိုအပ်နေတဲ့အပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိနေတာကြောင့် ငွေကြေး ထောက်ပံ့မှုတွေလည်း လိုအပ်လျက်ရှိကာ လတ်တလော လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ စစ်ရေး အခြေအနေတွေကြောင့် အထောက်အပံ့တွေ ရရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မြိုင်မြို့နယ် (တောင်ပိုင်း) မှာလည်း တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုအပြင် သောက်သုံးရေ ရှားပါးမှုအခက်အခဲနဲ့လည်း ကြုံတွေ့နေရပြီး မိုးရာသီကာလ ဖြစ်ပေမယ့် မိုးရွာသွန်းမှု နည်းပါးတာကြောင့် ရေကန်တွေအတွင်း ရေဝင်ရောက်မှုမရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ချောက်မြို့နယ်မှာလည်း နေအိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေအတွက် အခြေခံ စားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီနဲ့ မိုးကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပြီး ဆန် တအိတ်အတွက် ကျပ် တသိန်းသုံးသောင်း၊ ဆီတပိဿာအတွက် ကျပ် နှစ်သောင်း၊ မိုးကာ တချပ်စာအတွက် ကျပ် ခြောက်သောင်း စသဖြင့် ကူညီထောက်ပံ့ပေးစေလိုပြီး အလှူရှင်တွေအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ ပမာဏနဲ့လည်း ကူညီနိုင်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အစိုးရတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတည်းက ချောက်မြို့နယ်ထဲကို အင်အား အများအပြားနဲ့ ဝင်ရောက်လာတာလို့ သိရပြီး ဆူးတော၊ ညောင်ဇင်၊ လေပင်ကုန်း၊ ရွာမ၊ ညောင်ချောင်း စတဲ့ ကျေးရွာတွေက နေအိမ် ရာနဲ့ချီ ပျက်စီးမှုတွေ ရှိနေသလို အဲဒီရွာတွေ အပါအဝင် ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“နေအိမ် ပျက်စီးသွားတဲ့ စစ်ဘေးသင့် အိမ်ထောင်စုတွေအတွက် နိုင်တဲ့ဘက်ကနေ ပါဝင် လှူဒါန်းပေးစေချင်ပါတယ်။ ကျွန်တော်တို့ ငွေကြိုရှာထားနိုင်ရင် ဒေသခံတွေ ရွာပြန်နေနိုင်ကြတဲ့အခါ လတ်တလော အခက်အခဲတွေ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ တချို့ရွာတွေဆို အိမ်ခြေ ၂၀၀ နီးပါး၊ တချို့ရွာဆို အိမ်ခြေ ၃၀၀ နီးပါး ပျက်စီးတာတွေရှိတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့အထိ စာရင်းအရ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒသမ ၇ သန်းကျော်ရှိပြီး မကွေးတိုင်းထဲမှာတော့ စစ်ရှောင် နှစ်သိန်းရှစ်သောင်းဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW