ဇူလိုင် ၉ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်အတွင်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ခြောက်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ် ကမ်းခြေတလျှောက်နဲ့ ဧရာဝတီတိုင်းအတွင်းက ဘောမိကမ်းခြေတလျှောက်မှာ အစိုးရတပ်က မနေ့ ဇူလိုင် ၈ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှ စတင်ကာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း လူထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်သင်္ဘော လေးစီးပေါ်ကနေ မရပ်မနား ဆက်တိုက် ပစ်တာ။ ဒီဖြစ်စဉ်က ဒဏ်ရာရတဲ့သူတွေကို အရေးပေါ် ဆေးကုသပေးနေပါတယ်။ နေအိမ်တချို့လည်း ပျက်စီးသွားတာရှိတယ်။ မနေ့က ဒီ ကျိန္တလီဘက်အပြင် ဂွမြို့နယ် တဝိုက်မှာလည်း မနက် ၇ နာရီလောက်ကနေစပြီး လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်။ နာရီဝက်လောက် ကြာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကလည်း ဂွမြို့နယ်၊ စည်ပင်ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်မှာ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ တကြိမ်၊ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ တကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကာ အဲဒီဖြစ်စဉ်မှာတော့ နေအိမ်တချို့သာ ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ အမှတ် (၂) ရပ်ကွက်နဲ့ ရေကျော်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့သလို ဇွန်လ ၂၃ ရက်ကလည်း ဂွမြို့နယ် ကံ့ကော်တောင်ရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇွန်လ ၂၀ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်၊ သိပ္ပံလမ်းနဲ့ ကိန္နရီလမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့မှာ လေကြောင်းဖြစ်စဉ်ကြောင့် ကိုးယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့သလို ဇွန် ၁၅ ရက်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က စစ်တမ်းတခု ထုတ်ပြန်ခဲ့တာမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ မိုင်းပေါက်ကွဲမှုတွေကြောင့် အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လတာကာလအတွင်း သေဆုံးသူ ၈၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၈၇ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီပစ်ခတ်မှုတွေအတွင်း လူနေအိမ် ၂၂၉ လုံး၊ ဆိုင်ခန်း ၈၃ ခန်း၊ တံတား တစင်း၊ ကျန်းမာရေးဌာန တခု၊ ဘာသာရေးအဆောက် အအုံ ရှစ်ခုနဲ့ ပညာရေးကျောင်းဆောင် လေးဆောင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ HDCO ရဲ့ စစ်တမ်းမှာ ဖော်ပြထားပြီး အစိုးရတပ် ပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ
