International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်မှုတွေ ရှိနေ

ဇူလိုင် ၁၃ – ၂၀၂၆
SN (VOM)
မန္တလေးတိုင်းအတွင်းက မန္တလေးမြို့၊ ကျောက်ဆည်မြို့နဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေတို့မှာ International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်မှုတွေ ရှိနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။
International School နဲ့ Private School တွေကို နယ်မြေတခုတည်းမှာ ဖွင့်လှစ်ခြင်း၊ ကပ်လျက် ဖွင့်လှစ်ခြင်းတွေ ပြုလုပ်ကာ အင်္ဂလိပ်ကျောင်း အတက်ပြပြီး မြန်မာကျောင်းမှာ အမည်စာရင်းသွင်းကာ ပညာရေးဥပဒေကို ပြောင်ကျကျ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဒါက တမင်သက်သက် ခွင့်ပြုထားတာပေါ့။ International နဲ့ Private ကို နှစ်ခုတွဲဖွင့်ပြီး လုပ်စားနေကြတာပေါ့။ အင်္ဂလိပ်ကျောင်း အတက်ပြပြီး မြန်မာကျောင်းကို အတန်းယူတာပေါ့။ လစာကို နှစ်ခုယူတာပေါ့။ အခုလိုလုပ်နေတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ခွင့်ပြုရမှာထက် ပိုခွင့်ပြုနေရင်၊ ကြာရင် အစိုးရကျောင်းတွေက လုံးပါး ပါးမှာပဲ။ ပညာရေးဥပဒေကို လက်တလုံးခြား လုပ်နေတာ” လို့ ပညာရေးအသိုင်းအဝိုင်းတယောက်က ပြောပါတယ်။
အခုလို ပြုလုပ်နေမှုတွေကို သက်ဆိုင်ရာဌာန၊ စစ်ဆေးသူတွေအနေနဲ့ သိသိလျက်နဲ့ ခွင့်ပြုထားခြင်းဖြစ်ပြီး မန္တလေးမြို့မှာဆိုပါက ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်နေမှုတွေကို အများဆုံး တွေ့ရှိရတယ်လို့ သူက ပြောပါတယ်။
“ကျောင်းသား၊ ကျောင်းသူ တယောက်တည်း တပြိုင်တည်း သင်ကြားမှု မလုပ်နိုင်ပါဘူး။ ကျောင်းတွေ အများကြီးပဲ၊ အဲဒီလို လုပ်စားနေကြတာ။ မန္တလေးမြို့က ချမ်းအေးသာစံမြို့နယ်မှာဆို အဆိုးဆုံးပဲ။ နာမည်စာရင်းက နှစ်ခုစလုံးမှာ ပါနေတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် အဲဒီလို ကျောင်းတွေမှာ အခွန်ရှောင်မှု များစွာလည်း ရှိနေတာကြောင့် တိုင်းပြည်အတွက် အလွန်ကို နစ်နာသလို ပညာ‌ သင်ကြားရေးမှာလည်း အင်္ဂလိပ် သင်ရိုးညွှန်းတမ်းတွေကို စိတ်ကြိုက် ပြဋ္ဌာန်းမှုတွေ ပြုလုပ်နေပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာတွေ များစွာ တွေ့‌ရှိရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိကာလမှာ ကိုယ်ပိုင်ကျောင်း အရေအတွက်တွေ ပိုပြီး များပြားလာနေတာကိုလည်း တွေ့ရပြီး မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကျောင်း စုစုပေါင်း ၄၀ ကျော် ရှိနေကာ အစိုးရကျောင်းတွေထက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။
အခုလို နှစ်စဉ်နှစ်တိုင်း ကိုယ်ပိုင်ကျောင်းများစွာကို ခွင့်ပြုနေခြင်း၊ International School, Private School နှစ်ခုတွဲ ဖွင့်ခွင့်ပြုနေခြင်းတွေဟာ တိုင်းပြည်ရဲ့ ပညာရေးအတွက် အထူး စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး မန္တလေးမြို့က အစဉ်အလာ ကြီးမားတဲ့ အထက်တန်းကျောင်းတွေ အဆင့် လျော့ကျသွားတာဟာလည်း အခြေခံပညာရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ပညာရေးလောကကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW