အစိုးရတပ်က MNDAA ထံက​​နေ သိန္နီနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လွှဲပေးဖို့ တောင်းဆိုနေကြောင်း သတင်းထွက်ပေါ်

ဇူလိုင် ၂၃၊ ၂၀၂‌၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ အစိုးရတပ် ကိုယ်စားလှယ်တွေနဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) ကိုယ်စားလှယ်တွေကြား ဇူလိုင် ၂၂ ရက်က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေကတည်းက အစိုးရဘက်က သိန္နီမြို့နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အခုအကြိမ် တွေ့ဆုံမှုမတိုင်ခင် ဇူလိုင် ၁၄ ရက်ကလည်း နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲမှာ အစိုးရတပ်ဘက်က သိန္နီမြို့အပြင် ချင်းရွှေဟော်အပါအဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်လွှဲအပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
နယ်စပ် ကုန်သည် တ​ေယာက်ကတော့ “အစိုးရဘက်က သိန္နီနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်တောင်းနေတယ်လို့ သိရတယ်။ လက်ရှိအချိန်အထိတော့ MNDAA ဘက်က တနေရာမှ ပြန်လွှဲပေးဖို့ သဘောတူထားတာ မရှိသေးဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့်လအစောပိုင်းမှာ နှစ်ဖက် အဆင့်မြင့်ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ အဲဒီတွေ့ဆုံမှုမှာ နယ်မြေထိန်းချုပ်ရေးနဲ့ ကုန်သွယ်ရေး လမ်းကြောင်းဆိုင်ရာ ကိစ္စတွေကို ဆက်လက်ဆွေးနွေးဖွယ်ရှိတယ်လို့လည်း ရှမ်းမြောက် အ‌ေရးကို စောင့်ကြည့်လေ့လာ နေသူ တယောက်က ဆိုပါတယ်။
“နေပြည်တော် သွားတွေ့မယ်။ လာမယ့် လ ဖြစ်ဖို့များတယ်။ ကွတ်ခိုင်၊ သိန္ဓီ၊ ချင်းရွှေဟော် ပြန်အပ်ရမယ်။ အပ်ဖို့ စီစဉ်နေတယ်လို့ သိရတယ်။” လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း အဲဒီသတင်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က တရားဝင် အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
တစ်ဖက်မှာလည်း လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး MNDAA နဲ့ အစိုးရတပ်ဖွဲ့ဝင်တွေ ပူးပေါင်းစစ်ဆေး ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာမှာ မပစ်ရသေးတဲ့ ရှော့တိုက်ဒုံးကျည် သုံးလုံးကို သစ်ပင်ပေါ်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ လက်ရှိဆွေးနွေးပွဲတွေကြား တိုက်ရိုက်ဆက်စပ်မှု ရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
MNDAA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အများအပြားနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ သိန္နီ၊ ချင်းရွှေဟော်နဲ့ လားရှိုးဒေသတွေဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ အစိုးရတပ်နဲ့ MNDAA တို့ကြား အပစ်အခတ်လျှော့ချရေးနဲ့ နယ်မြေဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ပြီး လားရှိုးအပါအဝင် ဒေသတချို့မှာ တပ်နေရာပြောင်းရွှေ့မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေပိုင်ဆိုင်မှုနဲ့ ကုန်သွယ်ရေး လမ်းကြောင်းဆိုင်ရာ ကိစ္စတွေမှာတော့ နှစ်ဖက်အကြား သဘောတူညီချက် အပြည့်အဝ မရရှိသေးဘဲ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ နှစ်ဖက်ဆွေးနွေးပွဲရဲ့ တရားဝင်ရလဒ်ကို ထုတ်ပြန်ထားတာ မရှိသေးသလို၊ သိန္နီနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေရဲ့ အနာဂတ်အခြေအနေကိုလည်း ဆက်လက်စောင့်ကြည့်ရဦးမယ့် အနေအထား ဖြစ်နေပါတယ်။
Photo: Shy V (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW