ဇူလိုင် ၂၃ – ၂၀၂၆
SS (VOM)
မသမာတဲ့ နည်းလမ်းတွေနဲ့ တရားမဝင် လျှပ်စစ်ဓာတ်အား ရယူ သုံးစွဲနေသူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနတွေကို ဆက်သွယ် အကြောင်းကြားလာပါက လျော်ကြေးငွေ လျှော့ ကောက်ခံနေတဲ့အပြင် ဒဏ်ကြေးနဲ့ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ပြုနေပြီဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲနေသူတွေအနေနဲ့ အခု ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ သက်ဆိုင်ရာဌာန အသီးသီးကို ဆက်သွယ် အသိပေးရမှာဖြစ်ကာ လက်ရှိမှာ အဲဒီလို အသိပေးလာသူတွေကို ဓာတ်အားဖြတ်တောက်ခြင်း၊ ဒဏ်ကြေး ကျပ် သုံးသိန်း တောင်းခံခြင်း၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းတို့မှ ကင်းလွတ်ခွင့် ပြုနေတဲ့အပြင် တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုတွေအတွက်ကိုလည်း လျော်ကြေးငွေ တွက်ချက်ရာမှာ မူလသတ်မှတ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ကောက်ခံနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
“တရားမဝင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုတွေ လျော့နည်း၊ ပပျောက်လာတာနဲ့အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ ပြည်သူတွေထံ ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ လိုတယ်” လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
သတ်မှတ်ကာလ ကျော်လွန်ပြီးချိန်မှာ တရားမဝင် ဓာတ်အား သုံးစွဲမှုတွေကို Control Center တွေကတဆင့် စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားတဲ့ လျှပ်စစ်ဥပဒေတွေနဲ့အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာ အသုံးပြုခွင့်ကို ကာလ အကန့်အသတ်နဲ့ ရပ်ဆိုင်းခြင်း (ဒါမှမဟုတ်) ပယ်ဖျက်ခြင်းနဲ့ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“တရားမဝင် သုံးစွဲနေတဲ့သူတွေအတွက်က မီတာခ အကုန်အကျ မရှိကြဘူးလေ။ ဒါကြောင့် မီးကို အတိုင်းအဆမရှိ အလွန်အကျွံ သုံးစွဲနေကြတယ်။ ဒီလိုလုပ်နေတာတွေက နိုင်ငံရဲ့ ဓာတ်အား မလုံလောက်မှုကို ပိုပြီး ဆိုးရွားစေတယ်။ နောက်တချက်က တရားဝင် မီတာဆောင်နေတဲ့ သူတွေကိုလည်း ထိခိုက်နိုင်တယ်။ မီးမမှန်တာတွေ ကြုံရနိုင်တယ်။ ပြီးတော့ ဒီလို ခိုးယူသုံးစွဲနေတဲ့ သူတွေကြောင့် နိုင်ငံတော်ရဲ့ ဓာတ်အားယူနစ်တွေ အများကြီး နေ့စဉ် ဆုံးရှုံးနေရတယ်။ ဒီလို ဆုံးရှုံးနေမှုတွေက လျှပ်စစ်မီး လုံးဝ မရရှိသေးတဲ့ ပြည်သူတွေအတွက် ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ဖို့ ဆိုတဲ့ နေရာမှာလည်း အခက်အခဲ ဖြစ်စေတယ်” လို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါအပြင် အခုလို ခိုးယူသုံးစွဲမှုတွေက ဓာတ်အားစနစ် မတည်ငြိမ်မှုတွေကိုလည်း ဖြစ်စေနိုင်ပြီး ထရန်စဖော်မာနဲ့ ဝါယာကြိုးတွေပေါ်မှာ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမို ဝန်ပိလာစေကာ မီးအားမမှန်ခြင်း၊ ပစ္စည်းတွေ မီးလောင်ပျက်စီးခြင်းနဲ့ မီးဘေးအန္တရာယ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီတာခတွေကို အိမ်သုံး၊ အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံးနဲ့ ၂၄ နာရီ သီးခြားစက်မှုသုံး ဆိုပြီး ယူနစ်အလွှာအလိုက် သတ်မှတ် ကောက်ခံနေတာဖြစ်ပြီး အိမ်သုံးမီတာအတွက် ၁ မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၂၀၁ နဲ့အထက်ကို ၃၀၀ ကျပ်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အိမ်သုံးမဟုတ်တဲ့ လျှပ်စစ် မီတာခတွေအတွက်လည်း ၅,၀၀၀ ယူနစ်အောက် ဆိုပါက ၂၅၀ ကျပ် နဲ့ ၂၀,၀၀၁ ယူနစ်အထက်ကို ကျပ် ၅၀၀ အထိ ကောက်ခံနေတာဖြစ်ပြီး အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံးနဲ့ ပတ်သက်လို့ အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၆) အရ ၂၄ နာရီ မီးရရှိနိုင်ဖို့ တင်ပြတောင်းခံတဲ့ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန် လုပ်ငန်းတွေအတွက် တယူနစ်ကို ၉၀၀ ကျပ်အဖြစ် သီးသန့်ပုံသေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Photo – CJ
