မန္တလေး မေ – ၂၁ – ၂၀၁၉
ဖြူဖြူ (VOM)
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်ပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်တာနဲ့ပတ်သက်ပြီး ဒီနေ့မနက် ငါးနာရီဝန်းကျင်က အရပ်ဝတ်နဲ့ လူသုံးဆယ်ကျော်ဟာ အောင်သပြေကျေးရွာထဲကို ၀င်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံမှန် သွားလာနေကျ ရွာလယ်လမ်းက ၀င်ရောက်လာတာမဟုတ်ဘဲ ကုမ္ပဏီဘက်ကနေ ကျေးရွာထဲကိုဝင်လို့ရတဲ့ လမ်းကနေ အိမ်စီးကား ၈ စီးနဲ့ ဒိုင်း၊အကာတွေ ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့လူတွေ ၀င်ရောက်လာတာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ မယဉ်အေးက ပြောပါတယ်။
“ကားသံကြားလို့ ဘယ်ကလဲမသိဘူးဆိုပြီး ထွက်ကြည့်တယ်။ ကားအဖြူလေးတစ်စီး၊ နောက်မှာလည်းကားတွေ အဆက်မပြတ်ဝင်လာတယ်။ ကားတံခါးလည်းဖွင့်လိုက်ရော ဒိုင်းကာတွေနဲ့ ၀င်လာတယ်။ ” လို့ မယဉ်ယဉ်အေးက ပြောပါတယ်။
ဦးရွှေအုန်း၊ ဦးထွန်းနိုင်၊ ဒေါ်ဝေေ၀လွင်တို့ရဲ့ နေအိမ်တွေကို အဓိက၀င်ရောက်ရှာဖွေခဲ့တာပါ။ ရှာဖွေပုံစံဟာ မိနစ်အနည်းငယ်မျှသာ ကြာပြီး တာဝန်ရှိဌာနဆိုင်ရာတွေကလို မဟုတ်ဘဲ ငှါးရမ်းခေါ်ဆောင်လာတဲ့ အရပ်ဝတ်ပြည်သူတွေလို အနေအထားမျိုးနဲ့ ကင်မရာကိုင်ဆောင်ထားတဲ့ အဖွဲ့တွေလည်းပါဝင်တာကြောင့် မီဒီယာအသွင် အမှတ်မှားအောင် ဥပဒေနဲ့ညီညွတ်မှု မရှိဝင်ရောက်လာခဲ့ကြတာလို့ ဆိုကြပါတယ်။
“ကားတွေက ဗိုလ်မှူးတွေစီးသလို ကားအကောင်းစားတွေပဲ။ အဖြူရောင်တွေချည်းပဲ။ တံခါးပေါက်တွေတန်းဖွင့်၊ ဒိုင်းတွေနဲ့တန်းဝင်၊ တခါတည်းဖွင့်ဖွင့်ဝင်ဝင် အိမ်ထဲတန်းဝင်ပြီး ပတ်ရှာ၊ ပြီးတော့ တန်းထွက်တယ်။ ” ဟု ဦးရွှေအုန်းရဲ့ သားဖြစ်သူ ကိုရန်မျိုးအောင်က ပြောပါတယ်။
ဒီနေ့ဝင်ရောက်ရှာဖွေမှုနဲ့ ပတ်သက်ပြီး မန္တလေးခရိုင် ဒုရဲမှူးကြီး စိုင်းလှထူးထံဖုန်းဆက်သွယ်မေးမြန်းရာမှာ “အဲ့ဒါက ရဲလုပ်ငန်း ကာရိုက်တာလေ၊ အသေးစိတ်မပြောပြနိုင်ဘူး။” လို့သာ ဖြေဆိုခဲ့ပြီး ဆက်လက်မေးမြန်းခွင့် မရခဲ့ပါဘူး။
ဒီစီမံကိန်းကို ၂၀၁၂ ကတည်းက လျာထားခဲ့တာဖြစ်ပြီး ဒေသခံတွေကန့်ကွက်လို့ ရပ်ထားရာက ၂၀၁၅ ခုနှစ် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ်ဆိုပြီးပြန်လည်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ကန့်ကွက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ကြပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေအထိ လုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ကန့်ကွက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်ကတော့ ဒေသခံ ၁၈ ဦးလောက် ပုဒ်မအမျိုးမျိးနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
ဒါ့အပြင် ဒီလ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ရဲတပ်ဖွဲ့ဘက်က ရာဘာကျည် ပစ်ခက်မှုတွေ၊ ဒေသခံဘက်က ခဲပစ်ခက်မှုတွေ၊ ကုမ္ပဏီပိုင်ပစ္စည်း ဖျက်စီးမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အဲ့ဒီအတွက်လည်း လက်ရှိမှာ ၇ ဦး ဖမ်းဆီးခံထားရပါတယ်။
ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ ရွာစည်းရိုးနဲ့ ထိကပ်နေပြီး စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် သူတို့ရွာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရပ်ဆိုင်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်ထောင်စုအစိုးရက ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒေသခံတွေကန့်ကွက်နေတဲ့ အဲဒီဘိလပ်မြေစက်ရုံကို ဆက်လက်လုပ်ကိုင်ခွင့်ပြုတာဟာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုအရေးယူပေးဖို့ NLD ရုံးချုပ်ကိုလည်းတိုင်ကြားစာတွေပေးပို့ခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။
လက်ရှိမှာ ကုမ္ပဏီနဲ့ အနီးတ၀ိုက်မှာ ရဲအင်အားအလုံအလောက်နဲ့ လုံခြုံရေးချထားဆဲပဲ ဖြစ်တဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ တစုတစည်းတည်းမရှိရင် ဖမ်းဆီးခံရနိုင်တာကြောင့် ရွာအပြင်ကို သိပ်မထွက်ကြဘူးလို့လည်း သိရပါတယ်။
“စိတ်ဓာတ်စစ်ဆင်ရေးလိုလုပ်နေတာ။ အအိပ်ပြတ်၊ အစားပြတ်၊ အဆက်အသွယ်ပြတ်၊ အလုပ်ပြတ် အဲ့လိုတွေဖြစ်အောင်လုပ် ခြိမ်းခြောက်နေတာ။ “လို့ ဒေသခံ မယဉ်ယဉ်အောင်က ပြောပါတယ်။
#voiceofmyanmar #အောင်သပြေဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #မန္တလေး #အောင်သပြေ