ဩဂုတ် ၂ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်ထဲက လူငယ်တွေကို နာဂလက်နက်ကိုင်အဖွဲ့ ENDAကဖမ်းဆီးခေါ်ဆောင်ခဲ့တာဟာ တပ်သားသစ်စုဆောင်းခြင်း ဖြစ်တယ်လို့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်းနဲ့ ကာကွယ်ရေးတပ် ENNO/ENDA က ဩဂုတ် ၂ ရက်မှာ စာထုတ် အသိပေးလာပါတယ်။
ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ ခန္တီးမြို့နယ်ထဲက မှန်ပင်ရွာ ၊ ရွှေမြင့်မို့ရ်ရွာ အပါအဝင် ရွာတချို့က လူငယ်တွေကို စုဆောင်းခဲ့ကြောင်း ထုတ်ပြန်စာအရ သိရ ပါတယ်။
အရှေ့နာဂပြည်ရှိ နာဂလူငယ်မောင်မယ်တွေ ပညာတတ်လူငယ်တွေ အပြင် မြန်မာနိုင်ငံ မည်သည့်နေရာမှာမဆို နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေအားလုံး အရှေ့နာဂ လွတ်မြောက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်စေလိုတာကြောင့် အခုလို လူငယ်တွေကို စုဆောင်းခြင်းဖြစ်တယ်လို့ အသိပေးထားတာတွေ့ရပါတယ်။
ENNO/ENDA အဖွဲ့အနေနဲ့ လူငယ်တွေကို ဖမ်းဆီးသွားတဲ့ ဇူလိုင် ၂၈ ရက်နေ့ကတည်းက ခုချိန်ထိ ကျန်ရစ်သူမိသားစုတွေဆီကို ဆက်သွယ်တာမျိုးမရှိကြောင်းနဲ့ မိသားစုဝင်တွေကတော့ ခုလိုတပ်သားသစ်စုဆောင်းတဲ့အပေါ် လက်မခံဘူးလို့ ပြောဆိုမှုရှိနေပါတယ်။
” အခုထိ ဖမ်းခံရတဲ့သူတွေနဲ့ ဘာအဆက်သွယ်မှမရဘူး ။.ဆက်သွယ် မလာဘူး ။ တပ်သားသစ်စုဆောင်းတာနဲ့ပတ်သက်လို့လည်း ဘာမှမပြောဘူး ။ ဘာအစည်းအဝေးမှလည်း လာမလုပ်ဘူး ။ ညဘက်ကြီးရုတ်တရက် ဝင်ဖမ်းသွားတာ ။ ညီအစ်မနှစ်ယောက်လုံးပါသွားတော့ ပိုဆိုးပါတယ်။ အဖေအမေကလည်း အသက်ကြီးနေကြပြီ ။ အတူနေဖြစ်တဲ့ သမီးနှစ်ယောက်လုံးကိုခေါ်သွားတာ ။ အမေကခုထိမသိသေးဘူး ။ ပြန်လွှတ်ပေးဖို့တောင်းပန်ပါတယ်။ ” လို့ မိသားစုဝင်တယောက်က ပြောပါတယ် ။
မှန်ပင်ရွာက ဒေသခံအပါအဝင် ရွှေမျောလုပ်ကိုင်သူ အယောက် ၇၀ လောက်ကို ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် ရွှေမြင့်မို့ရ်ရွာ ဒေသခံ ၅၀ လောက်ကိုလည်း ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ် ။
ဖမ်းဆီးသွားစဥ်က စစ်မေးစရာရှိတာကြောင့် ခေါ်ဆောင်ခြင်းဖြစ်ပြီး နှစ်ရက် ၊သုံးရက်ကြာရင် အကြောင်းပြန်မယ်လို့ မိသားစုဝင်တွေကို ပြောဆိုခဲ့ပေမယ့် ၄ ရက်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ သိရပါတယ်။
ENNO/ENDAအဖွဲ့အစည်းကတော့ လူငယ်တွေကို စုဆောင်းခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စီစစ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နဲ့ လွတ်သင့်လွတ်ထိုက်သူတွေကို ပြန်လည်လွတ်ပေးသွားမယ်လို့ ရေးသားထားပါတယ်။
နာဂလက်နက်ကိုင်အဖွဲ့အနေနဲ့ ဖမ်းဆီခေါ်ဆောင်ထားတဲ့ ဒေသခံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)က တောင်းဆိုထားပါတယ်။
ခေါ်ဆောင်ထားတဲ့ ပြည်သူအားလုံးရဲ့ အသက်နဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံ ပေးရန် ၊ ခေါ်ဆောင်ထားသူတွေကို အမြန်ဆုံး၊ ဘေးကင်းလုံခြုံစွာ မိသားစုထံ ပြန်လည်လွှတ် ပေးရန် ၊ ခေါ်ဆောင်ထားသူတွေ အပေါ် မည်သည့်အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု (သို့မဟုတ်) ထိခိုက်နစ်နာစေမှုမျိုးကိုမျှ မပြုလုပ်ရန် ၊ ကျန်ရစ်တဲ့ မိသားစုဝင်တွေ စိုးရိမ်ပူပန်မှုမရှိစေရန် ခေါ်ဆောင်ထားသူတွေရဲ့ အခြေအနေနဲ့ လုံခြုံရေးအခြေအနေကို သင့်လျော်တဲ့နည်းလမ်းဖြင့် အသိပေးရန် တောင်းဆိုထားပါတယ်။
ဒါအပြင် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ပြဿနာတစုံတရာရှိပါက လက်နက်အင်အားနဲ့ ဖြေရှင်းခြင်းမပြုဘဲ သက်ဆိုင်သူတွေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းရန် ၊ အခုလို ပြည်သူတွေကို အတင်းအကျပ် ခေါ်ဆောင်ခြင်းနဲ့ လူထုအတွင်း စိုးရိမ် ကြောက်ရွံ့မှု ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တွေ ထပ်မံမဖြစ်ပွားစေရန် အဖွဲ့အစည်းအတွင်း လိုအပ်တဲ့ ထိန်းသိမ်းမှု ပြုလုပ်ပေးရန် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) က စာထုတ်တောင်းဆိုထားပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ဟာ ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှုနှင့် နာဂဒေသရဒ့ အနာဂတ်အပေါ်တိုက်ရိုက်သက်ရောက်မှုရှိတာကိုလည်း အလေး အနက်ထား စဉ်းစားပေးဖို့လည်း ပြောဆိုထားပါတယ်။
ဒါကြောင့် နာဂလက်နက်ကိုင်အဖွဲ့အနေနဲ့ ခေါ်ဆောင်ထားတဲ့ ပြည်သူတွေကို အချိန်ဆွဲခြင်းမပြုဘဲ အမြန်ဆုံး ဘေးကင်းလုံခြုံစွာ ပြန်လည်စေလွှတ်ပေးပါရန် နဲ့ ခုလို ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အရေးတကြီး ဆောင်ရွက်ပေးရန် တောင်းထားပါတယ်။
အခု ဒေသခံပြည်သူတွေကိုဖမ်းဆီးသွားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ဟာ လူငယ်တွေကို ဖမ်းဆီးမှုမပြုလုပ်ခင် ရှေ့ ရက်ပိုင်းကပဲ ရွှေမျောလုပ်ကိုင်သူတွေဆီကနေ မျောတခုကို သိန်း ၁၀၀ ကျော်ကနေ ၂၀၀ ကျော်အထိ တောင်းခံခဲ့သလို မှန်ပင်ရွာထဲက ဝိုင်ဖိုင်စက်တွေကိုလည်း ဆတ်ကြေးကောက်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ် ။
လက်ရှိမှာ ခန္တီးမြို့နယ်အခြေအနေက ခန္တီးမြို့ပေါ်ကို အစိုးရက ထိန်းချုပ်ထားပြီး ကျေးရွာဘက်တွေ မှာတော့ ကချင်လွတ်လပ် ရေးတပ်KIA ၊ ရှမ်းနီတပ်SNAနဲ့ NUG လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရှိသလို နာဂလက်နက်ကိုင်အဖွဲ့ တွေလည်းရှိတယ်လို့ သိရပါတယ် ။
