KG ကျောင်းသူရဲ့ နားကပ်ကိုဖြုတ်ယူပြီး ရေကန်ထဲတွန်းချ သတ်ခဲ့တဲ့ အမျိုးသမီးကို ဖမ်းမိ

ဩဂုတ် ၉ – ၂၀၂၆
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာမှာ အသက် ၆ နှစ်အရွယ် KG ကျောင်းသူရဲ့နားကပ်ကို ဖြုတ်ယူပြီး ကလေးကို ရေကန်ထဲတွန်းချ သတ်ခဲ့တဲ့ အမျိုးသမီးကို မနေ့ ဩဂုတ် ၈ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိပြီလို့ လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်က အိမ်နီးနားချင်း သူငယ်ချင်းဆီသွားမယ်လို့ ပြောဆိုကာ ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး မိသားစုဝင်တွေက လိုက်လံရှာဖွေကြရာမှာ ကလေးငယ်ကို ကျေးရွာရဲ့အနောက်ဘက်၊ ဆုတောင်းပြည့် (၅) ဆူတောင်ဘုရားအနီး၊ ရေစုကန်အတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
“ကလေးပျောက်တဲ့နေ့က လိုက်ရှာကြတော့ ည ၁၁ နာရီလောက်မှာ ရွာအနောက်ဘက်၊ ရေကန်ထဲမှာ ပြန်တွေ့တာ။ ရုပ်အလောင်းကို ဆယ်ယူတော့ နားကပ်မရှိတော့တာကို သတိထားမိပြီး လုယက်၊ သတ်ဖြတ်ခံရမှုလို့ ကောက်ချက်ချပြီး ကျူးလွန်သူကို ရှာဖွေခဲ့တယ်။ သံသယရှိသူက ကလေး ဆော့နေတဲ့အချိန် ချော့မော့ပြီး ကလေးကို ခေါ်ထုတ်သွားတာကို တွေ့လိုက်တဲ့သူရှိလို့ ကွင်းဆက်မိသွားတာ။ သံသယရှိသူ အမျိုးသမီးကို မနေ့က ဖမ်းမိတယ်။ ဘာ့ကြောင့် သတ်တာလဲဆိုတာတော့ စစ်ဆေးနေတုန်းပါပဲ” လို့ လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ အမျိုးသမီးဟာ နောင်ရဲရွာမကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မိုးမိုးထွေး (ခ) မိုးစက် ဆိုသူဖြစ်ပြီး ၎င်းကို အောင်ပန်းနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ (လူသတ်မှု/လုယက်မှု) တို့နဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၅ နှစ်အရွယ် KG ကျောင်းသူတယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကလေးရဲ့နားကပ်ကို ဖြုတ်ယူကာ အလောင်းကို ခြုံစောင်၊ ဆာလာအိတ်နဲ့ထုပ်ပြီး အမှိုက်ပုံမှာစွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒီဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင် ဆိုသူကို ဇူလိုင်လ ၆ ရက်နေ့က ပဲခူးတိုင်း၊ နတ်တလင်းမြို့မှာ ဖမ်းဆီးရမိခဲ့ကာ သက်သေခံပစ္စည်းပြသဖို့ ခေါ်ဆောင်စဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ပြစ်မှုကျူးလွန်တာတွေနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတယောက်က မိဘ၊ အုပ်ထိန်းသူတွေအနေနဲ့ ကလေးငယ်တွေကို တန်ဖိုးကြီးရွှေထည်တွေ ဝတ်ဆင်ပေးခြင်းဟာ ဒုစရိုက်သမားတွေရဲ့ ပစ်မှတ် ဖြစ်လာစေတဲ့အတွက် အပြင်သွားလာရာမှာ (ဒါမှမဟုတ်) ဆော့ကစားချိန်မှာ လုံးဝ (လုံးဝ) ဝတ်ဆင်မပေးသင့်ဘူးလို့ ပြောပါတယ်။
“ကလေးငယ်တွေ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေဆိုတာ ကလေးတွေရဲ့ အသက်အန္တရာယ်ကို တိုက်ရိုက် ခြိမ်းခြောက်နေတာပါ။ အလွန်ကိုကြီးမားတဲ့ အန္တရာယ်ဖြစ်ပါတယ်။ တချို့ ဒုစရိုက်သမားတွေက ကလေးငယ်တွေကို ပစ်မှတ်ထားကြတယ်။ ကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့အရွယ် မဟုတ်ဘူး။ တန်ပြန် ခုခံနိုင်ခြင်းလည်း မရှိဘူး။ အမှား၊ အမှန်ကို ဝေဖန် ပိုင်းခြားနိုင်စွမ်းလည်း မရှိကြသေးဘူး။ အရမ်းကို အယုံလွယ်တတ်ကြတယ်။ ဒါက ဒုစရိုက်သမားတွေအတွက် အလွယ်ကူဆုံး ပစ်မှတ်ပဲ” လို့ သူက ပြောပါတယ်။
ဒါကြောင့် တန်ဖိုးကြီး ရွှေထည်ပစ္စည်းတွေ ဝတ်ဆင်ပေးခြင်းမှ ရှောင်ကျဉ်သင့်သလို ကလေးငယ်တွေ အိမ်အပြင်မှာ ဆော့ကစားနေပါကလည်း လူကြီးတယောက်ယောက်က အနီးကပ် စောင့်ကြည့်နေရမှာဖြစ်ကာ အသိအကျွမ်း မဟုတ်သူတွေ (ဒါမှမဟုတ်) ယုံကြည်စိတ်ချရမှု မရှိသူတွေနဲ့အတူ နှစ်ယောက်တည်း လွှတ်ထားခြင်း၊ မုန့်ဖိုးပေးပြီး စေခိုင်းခြင်းမျိုးတွေကို ရှောင်ကြဉ်ရမယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အရေးပေါ်အခြေအနေ ကြုံလာပါက၊ သူစိမ်းတွေ ခေါ်ဆောင်ခြင်းခံရပါက အော်ဟစ် အကူအညီတောင်းတတ်ဖို့၊ မုန့် (ဒါမှမဟုတ်) လက်ဆောင်ပစ္စည်းတခုခု ပေးလာပါလည်း လုံးဝ လက်မခံဖို့ ကလေးကို အမြဲတမ်း နားဝင်အောင် သတိပေး သင်ကြားပေးထားရမယ်လို့ သူက ပြောပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW